DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ဘုန်းကြီးကျောင်းမီးရှို့မှုသံသယဖြင့် အမျိုးသား ၁ ဦးကို ဖမ်းဆီး
DVB
·
March 18, 2020
ပုသိမ်တွင် ဘုန်းကြီးကျောင်းမီးရှို့မှုသံသယဖြင့် အမျိုးသား ၁ ဦးကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ စန်းကန်ကုန်းရပ်၊ အောင်မင်္ဂလာ ၄ လမ်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမီးရှို့ ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်းမှာ မတ်လ ၁၇ ရက်  ည ၁၀ နာရီ ၅၅ မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ခရိုင်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၅ စီး မီးသတ် တပ်ဖွဲ့ဝင် ၅၀ ဦးနဲ့ လာရောက်မီးသတ်ခဲ့တာကြောင့် ၁၁ နာရီ ၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

"ဘုန်းကြီးကျောင်းက လောင်တာ မဟုတ်ဘူး၊ မီးရှို့ခံရတာ။ လောင်တဲ့ ကျောင်းအဆောင်က တော့ အကုန်ကုန်သွားတယ်။ ထိခိုက်ဒဏ်ရာရတာ သေတာမျိုးတော့ မရှိပါဘူး" လို့ မီးလောင် ပြင်ကိုသွားရောက်ကူညီခဲ့တဲ့ ဦးကြည်လေးက ဒီဗွီဘီကိုပြောပါတယ်။

မီးလောင်မှုကြောင့် သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်း အတွင်းမှာရှိတဲ့ ထရံကာ၊ ဓနိမိုး၊ အင်္ဂတေခင်း ဝါးဓမ္မာရုံတခုလုံးမီးထဲပါသွားပြီး ကာလတန်ဖိုး ကျပ် ၉၉၃၀၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးစတင်ရှို့ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၂၁ နှစ်အရွယ် ကျော်ဝင်းဗိုလ်(ခ)ဒကာကြီးဆိုသူကို ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာမှာတင် ဖမ်းဆီးပြီး ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိ သူတွေက ပြောပါတယ်။

"ကျနော်တို့ ဖမ်းလာပါပြီ၊ ခုလက်ရှိ သူကမူးနေတော့ ဘာမှသေချာစစ်လို့မရသေးပါဘူး၊ စစ်ဆေးတာတွေပြီးတာနဲ့ အားလုံးသိအောင် ပြောပြပေးသွားမှာပါ" လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက မီဒီယာတွေက ပြောပါတယ်။

အဆိုပါသံသယ တရားခံကိုပုသိမ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး ဖြစ်စဉ်သေချာရင် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက် ရွှေပြည်သာစျေးအနီးမှာ မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းကလည်း မီးလောင်မှုကြောင့် လူနေဆိုင်ခန်း ၆ ခန်း မီးလောင်းဆုံးရှုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013