DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် အလုပ်သမား ၁၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
DVB
·
March 16, 2020
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် အလုပ်သမား ၁၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
Donate to DVB

ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကုန်ကြမ်းပြတ် အော်ဒါမရလို့  ပိတ်သိမ်းတဲ့စက်ရုံနဲ့ အလုပ်သမား အင်အားလျော့တဲ့ စက်ရုံပေါင်း ၂၅ ရုံလောက် ရှိလာတာကြောင့် အလုပ်လက်မဲ့ အလုပ်သမား အရေအတွက် ၁ သောင်း ၂ ထောင်ကျော်အထိ ရှိလာပါတယ်။ 

ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ် စတဲ့ လက်ခစား CMP လုပ်ငန်းတွေ ကုန်ကြမ်းပြတ်တာ၊ အော်ဒါမရလို့ ပိတ်သိမ်းတဲ့ စက်ရုံနဲ့ အလုပ်သမား အင်အားလျော့တဲ့ စက်ရုံပေါင်း ၂၅ ရုံလောက် ရှိလာပါပြီ။ စက်ရုံပိတ်သိမ်းခွင့်ကို အလုပ်သမား နို့တစ်မပေးဘဲ ဌာနကို ၄၈ နာရီ တင်ပြရုံနဲ့ ပိတ်သိမ်းခွင့်ပြုထားပါတယ်။ 

အလုပ်သမားဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ကိုသိန်းမင်းထွန်းက “ပိတ်သိမ်းမယ့်စက်ရုံတွေ သိပ်မလာဘူး။ အင်အားလျှော့မယ့် စက်ရုံတွေ ပိုများတယ်။ အလုပ်ရှင်တော်တော်များများက ပိတ်သိမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့နောက်ဆက်တွဲက MIC က Black list ပုံစံမျိုးဖြစ်သွားမှာလည်း သူတို့ စိုးရိမ်တယ်။ အဲဒါကြောင့် သူတို့က ၁၃၀၀ လောက် စက်ရုံဆိုရင် ၃၅၀ လောက် လျှော့တယ်၊ ၄၀၀ လောက် လျှော့တယ်။ တလ တလက လုပ်ခလစာ ပေးရတာ မြင့်လာတာဆိုတော့ အင်အားလျှော့ပစ်ရတာပေါ့”လို့ ပြောပါတယ်။

အဲဒီလို ပိတ်သိမ်းမှုတွေနဲ့ အလုပ်သမား လျော့တာတွေကြောင့် အလုပ်လက်မဲ့ အရေအတွက်လည်း လုပ်သား ၁၂၀၀၀ ကျော်လောက် ဖြစ်လာပါပြီ။ ဒါ့အပြင် စက်ရုံအများစုကလည်း ဧပြီလ လစာ ထုတ်ပေးပြီးပါက ယာယီပိတ်သိမ်းမှုတွေ လုပ်ဆောင်သွားဖို့ရှိနေတဲ့ အနေအထားပါ။ ဒါကြောင့်အလုပ်လက်မဲ့ အလုပ်သမားတွေအတွက် အလုပ်ပြန်လည်ရရှိရေးက အတော်လေး အခက်ခဲကြုံရဖို့ ရှိပါတယ်။ 

လပ်ကီးစကိုင်းဘက်စ် ကျောပိုးအိတ်စက်ရုံလုပ်သား မသင်ဇာလွင်က “အခုလို စက်ရုံက ဗြုန်းစားကြီး ပိတ်တာကြောင့် မိသားစုက အခက်အခဲအရမ်းဖြစ်သွားတယ်။ အဲဒါကြောင့် အလုပ်ပဲ ပြန်လိုချင်တယ်။ သူတို့ပေးတဲ့ လျော်ကြေးလည်း မလိုချင်ဘူး” လို့ ပြောပါတယ်။

ပီနံအိတ်စက်ရုံလုပ်သား ကိုအောင်ကိုဇင်က “စက်ရုံတွေ ပိတ်သွားရင် အလုပ်သမားတွေ အကုန်လုံး ဒုက္ခရောက်ပြီးတော့ ကျနော်တို့ နယ်တွေ ပြန်ရလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိ ကုန်ကြမ်းပြတ်တာ၊ အော်ဒါမရလို့ စက်ရုံပိတ်သိမ်းတာ အလုပ်သမား အင်အားလျှော့ချတာဆိုရင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်တွေထဲမှာ  လှိုင်သာယာရှိ စက်မှုဇုန်တွေက အများဆုံးဖြစ်ပြီး အလုပ်လက်မဲ့တွေလည်း အများဆုံး ဖြစ်လာပါတယ်။ 

လှိုင်သာယာ စက်မှုဇုန်မှာ စက်ရုံ အလုပ်ရုံပေါင်း ၁၀၀၀ ကျော်နဲ့ လုပ်သားပေါင်း ၂ သိန်းကျော်လောက် မှီတင်းလုပ်ကိုင်နေပါတယ်။ 

ခင်ဇာခြည်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013