DVB Logo
Home
မြန်မာသတင်း
ပေးဆပ်သူတို့ကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေဟု ဖုန်းမော်ကျဆုံးသည့်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်ပြော 
DVB
·
March 13, 2020
ပေးဆပ်သူတို့ကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေဟု ဖုန်းမော်ကျဆုံးသည့်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်ပြော 
Donate to DVB

ဒီမိုကရေစီကြိုးပမ်းမှုမှာ  အသိအမှတ်ပြုခံရသည်ဖြစ်စေ၊ မခံရသည့်ဖြစ်စေ ပေးဆပ်သူတွေရဲ့ ရုန်းကန်ကြိုးပမ်းမှုကြောင့် ယခုအခါ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေတာ ဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မတ်လ ၁၃ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၂  နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီးလမ်းကြမ်းမှာ ပေးဆပ်သူတွေရဲ့ စွန့်လွှတ်မှုကို အလဟသ မဖြစ်စေဖို့အတွက်  ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ ဆရာတော် သံဃာတော်တွေထံက တရားနာယူတာ၊ လွမ်းသူပန်းခွေချတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံက သဝဏ်လွှာ ဖတ်ကြားတာတွေ ပြုလုပ်ခဲ့တာပါ။

အောက်မေ့ဘွယ်အခမ်းအနားကို အရေးအခင်းအတွင်း ကျဆုံးသွားတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့မိသားစုဝင်တွေ အပါအဝင်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ သမဂ္ဂအဖွဲ့ဝင်  ကျောင်းသားတွေ လည်း တက်ရောက်ခဲ့ပါတယ်။  

ကိုဖုန်းမော်ဟာ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်ရှိသူ တစ်ယောက်ဖြစ်တာကြောင့် မိသားစုဝင်တစ်ယောက် ဆုံးရှုံးရတဲ့အပေါ် နှမြောရတယ်လို့  ကိုဖုန်းမော်ရဲ့ အစ်မ အကြီးဆုံးဖြစ်သူ ဒေါ်မာမာဝင်းက ပြောပါတယ်။

သမိုင်းတန်ဖိုးကို လက်ဆင့်ကမ်းထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ အမှတ်တရ ကျင်းပတာ ဖြစ်တယ်လို့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားကျင်းပရေးကော်မတီက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့ရှိ ကျောက်ဆည်လေးကျောင်းတိုက်မှာလည်း  မတ်လ ၁၃ ရက် ဒီနေ့နက်က ကိုဖုန်းမော်ကျဆုံးခြင်း ၃၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတခုကျင်းပ ပြုလုပ်ခဲ့ပါတယ်။   

လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်တာ တွေ မရှိတာနဲ့ ၁၉၈၈ အရေးတော်ပုံကာလမှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင် လူ  ပြည်သူတွေကို အသိအမှတ်ပြုပေးဖို့ ဖုန်းမော်ကျဆုံးတဲ့နေ့ အခမ်းအနားမှာ နိုင်ငံရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

အခမ်းအနားမှာ ၈၈ အရေးတော်ပုံကာလအတွင်းနဲ့ ဒီမိုကရေစီတိုက်ပွဲတလျှောက်လုံးမှာ  အသက်ပေးခဲ့ရတဲ့ ရဟန်းရှင်ပြည်သူတွေအတွက် ရည်စူးပြီး ကျောက်ဆည်လေး ကျောင်းတိုက်ဆရာတော်ကို ဝတ္ထုနဲ့ ဆွမ်းကပ်လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈ မတ်လ ၁၃ ရက်နေ့က ဆန္ဒပြကျောင်းသားတွေကို လုံထိန်းတွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့  သေနတ်ကျည်ဆန်ထိမှန်ကျဆုံးခဲ့ပါတယ်။ အဆိုပါနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဖြစ် ဒီမိုကရေစီရေးလှုပ်ရှားသူတွေက သတ်မှတ်ပြီး အမှတ်တရအောက်မေ့ဖွယ်နေ့အဖြစ် နှစ်စဉ်ကျင်းပလာတာဖြစ်ပါတယ်။ 

သတင်း- နန့်ခိုင်- မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013