DVB Logo
Home
မြန်မာသတင်း
တိမ်ညိုဆေးရုံ ပစ်ခတ်ခံရသဖြင့် လူနာနှင့် ဝန်ထမ်းများကို ပြောင်းရွှေ့
DVB
·
March 13, 2020
တိမ်ညိုဆေးရုံ ပစ်ခတ်ခံရသဖြင့် လူနာနှင့် ဝန်ထမ်းများကို ပြောင်းရွှေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုဆေးရုံကို မတ်လ ၁၃ ရက်မနက် ၆ နာရီ လောက်က လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ လူနာစောင့် ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရသွားပြီး  ဆေးရုံအတွင်းနေရာတွေ ပျက်စီးသွားပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဆေးရုံဝန်ထမ်းအားလုံးကို မြောက်ဦးခရိုင်ဘက်ကို ပြောင်း ရွေ့ထားလိုက်တယ်လို့ မြောက်ဦးဆေးရုံက ဆရာဝန်ကြီး ဦးခင်မောင်သန်းက ပြောပါတယ်။ 

“ဆေးရုံကို ကျည်ဆန်ထိလို့၊ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် လူနာစောင့်နှစ်ယောက်မှာထိတယ်။ အဲ့ဒီမှာ မလုံခြုံတော့အတွက် ကျနော့်ဝန်ထမ်းတွေအားလုံး မြောက်ဦးခရိုင်အတွင်းကို ခေါ်ထားလိုက်တယ်။ ဖြစ်တာက ဒီကနေ့မနက်ပိုင်း ၅ နာရီကျော် လောက်မှာဖြစ်တယ်။ ဝန်ထမ်းတွေရော လူနာတွေရော ပြောင်းတာ ဆိုရင် ၁၁ နာရီလောက်မှပြီးတယ်။ မှန်တွေကွဲတယ်။ တချို့ Basin (လက်ဆေးကြွေကန်) တွေကွဲတယ်။ ဆေးရုံအတွင်း ကျည်ထိတာတွေ အများကြီးပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

တိမ်ညိုတိုက်နယ်ဆေးရုံ ၄ ဖာလုံလောက်အကွာရှိ အကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညို အကြား ရန်ကုန်-စစ်တွေ လမ်းမမှာ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် စစ်ယာဉ်တန်းကနေ လမ်းအတိုင်းမောင်းနှင်ပစ်ခတ်ခဲ့တာလို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

တိမ်ညိုဆေးရုံက အမည်မဖော်လိုသူ တဦးက “သူတို့က အကုန်လုံးကိုပစ်တာဗျ၊ ပစ်ပြီးတော့လာတာ၊ အဲ့ဒီမှာ တိမ်ညိုဆေးရုံနား အရောက်မှာ တရက်စပ်ပစ်တယ်။ ပစ်ပြီးတော့ အနားမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကိုလည်း ပစ်တယ်။ တပ်မတော်စစ်ကြောင်းကား ၈ စီးလောက်ရှိ မယ်။”လို့ ပြောပါတယ်။

မတ်လ ၁၃ ရက် မနက် ၆ နာရီခွဲလောက်ကလည်း တပ်မတော်စစ်ကြောင်းတခုက တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုကျေးရွာ အနားအရောက်မှာပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင် ၉ ဦး ဒဏ်ရာရသွားတယ်လို့   စခန်းတာဝန်ခံ ဦးဝေလှအောင်ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်ထိခိုက်သူအရေတွက် ၂၀ ထက်မနည်းရှိနိုင်ပြီး ဒီထက် ပိုများနိုင်တယ်လို့ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေနဲ့ တိမ်ညိုတိုက်ဆေးရုံကို ထွက်ပြေးလာကြတဲ့သူတွေကပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါ့အပြင် မနက် ၈ နာရီ ၅ မိနစ်ကလည်း ဖုန်းခေါ်ဆိုခဲ့ပြီး နေ့လယ်ပိုင်း ၂ နာရီမိနစ် ၂၀ မှာ ထပ်မံပြီး ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013