ကိုရီးယားမှ ပြန်လာသူ ၇၀ ဦးခန့်ကို ရန်ကုန်တွင် ၁၄ ရက်ကြာ သီးခြားစောင့်ကြပ်ကြည့်ရှုနေ
DVB
·
March 12, 2020

တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို လေကြောင်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ လူ အယောက် ၇၀ နီးပါးကို ဆေးရုံ၊ ဟိုတယ်နဲ့ နေအိမ်တွေမှာ သီးခြားထားပြီး ၁၄ ရက်ကြာ စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မေလ ၁၁ ရက် မနက် ၅ နာရီခွဲအချိန်က ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၆၉ ဦးအနက် COVID-19 ကူးစက် ဖြစ်ပွားမှု ပြင်းထန်နေတဲ့ Daegu မြို့၊ Chengwon မြို့၊ Miyann မြို့နဲ့ Gimhae မြို့တို့မှ လာရောက်တဲ့ မြန်မာနိုင်ငံသား ၆ ဦးတို့ကို တောင်ဥက္ကလာပအမျိုးသမီးနဲ့ ကလေးဆေးရုံကြီးမှာ Hospital Quarantine အဖြစ် သီးသန့်စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံ တခြားဒေသကလာရောက်တဲ့သူ ၆၃ ဦးကိုတော့ Home Quarantine နဲ့ Hotel Quarantine အဖြစ် နေအိမ်တွေနဲ့ ဟိုတယ်မှာ (၁၄) ရက်ခွဲခြားထားပြီး စောင့်ကြပ်ကြည့်ရှု နေတယ်လို့ လည်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့က ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ရန်ကုန်ရှိ ဆေးရုံ ၂ ရုံမှာ သီးသန့်ခွဲခြားထားရှိပြီး ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးပေမယ့် တချိန်တည်း လူအမြောက်အများမှာ ကူးစက်ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်၊