DVB Logo
Home
မြန်မာသတင်း
အခြားနိုင်ငံများကို အမီလိုက်ချင်ပါက ပြေးမှရမည်ဟု  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
March 11, 2020
အခြားနိုင်ငံများကို အမီလိုက်ချင်ပါက ပြေးမှရမည်ဟု  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
1 / 5
Donate to DVB

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်ပြီးခေတ်ကာလကလိုပဲရှိနေသေးကြောင်းနဲ့ တခြားနိုင်ငံတွေကို အမီလိုက်ချင်ရင် ပြေးလိုက်မှရမယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ ပြည်သူ့အားကစားကွင်းမှာ မတ်လ ၁၁ ရက်နေ့က ဒေသခံပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်ရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အာရှနိုင်ငံတွေထက် နောက်ကျနေရတဲ့အကြောင်းကို ပြောဆိုခဲ့တာပါ။

"စစ်ပြီးကာလ လွတ်လပ်ရေးမရခင်အချိန်တုန်းက ဖေဖေပြောခဲ့တဲ့ စကားရှိပါတယ်။ စစ်အတွင်းမှာ အင်မတန်မှ အထိနာခဲ့လို့ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းချင်ရင် တခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျမတို့နိုင်ငံက ပြေးမှဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီအခြေအနေက အခုလည်း ဒီအတိုင်းပါပဲ။ အရှေ့တောင်အာရှ ကျမတို့ ဒေသမှာကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံထဲမှာ ပါနေပါတယ်။ ဒါကြောင့် ကျမတို့ဟာ တခြားကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးတော့ မီချင်တယ်ဆိုရင် ပြေးမှရမယ်။ တခြားသူတွေလို လမ်းလျှောက်ရင် နောက်က ကျန်ရစ်ခဲ့မှာပဲ။"လို့ ပြောဆိုခဲ့တာပါ။ 

ဒါ့အပြင် နိုင်ငံပြုပြင်ပြောင်းလဲချင်ရင် အစိုးရတစ်ရပ်ထဲက လုပ်လို့မရဘဲ ပြည်သူတွေကိုယ်တိုင်တစ်ယောက်ချင်းစီ ဝိုင်းဝန်းပါဝင်မှ ရမယ်လို့လည်း ဆိုပါတယ်။ 

ပြည်သူတွေရဲ့ ထောက်ခံမှု၊ အားပေးမှုကလည်း အဓိကအရေးကြီးကိစ္စဖြစ်ပေမယ့် မျက်စိစုံမှိတ် ထောက်ခံတာမျိုး မဖြစ်စေလိုဘူးလို့ ဆိုပါတယ်။ အခုလိုတွေ့ဆုံပွဲတွေလုပ်ရတာကလည်း အစိုးရက ဘာတွေ လုပ်နေတယ်ဆိုတာ ပြည်သူသိချင်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ မျှော်မှန်းချက်တွေ၊ လိုအပ်ချက်တွေကို နားထောင်နိုင်ဖို့ လိုက်လုပ်နေတာလို့လည်း ပြောဆိုခဲ့ပါသေးတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပဲယင်းမြို့ကို ၂၀၀၃ ခုနှစ် အကြမ်းဖက်လုပ်ကြံမှု ဖြစ်ပြီးနောက်ပိုင်း ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။ တွေ့ဆုံပွဲကို ဒီပဲယင်းမြို့နယ်က ပြည်သူတွေတင်မက ဘုတလင်၊ ရေဦး၊ မုံရွာ၊ တန့်ဆည် စတဲ့ဒေသတွေကလူထု သောင်းချီတက်ရောက်ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြောင်းပြောဆိုတာမျိုးတော့ မရှိခဲ့ပေမယ့် တွေ့ဆုံပွဲတွေမှာ ဝတ်လေ့မရှိတဲ့ အနက်ရောင်အင်္ကျီကိုတော့ ဝတ်ဆင်ခဲ့ပါတယ်။ 

"အစိုးရပဲ အားလုံးလုပ်ပါဆိုတဲ့ စိတ်နဲ့ မလုပ်နဲ့။ အဲဒါက ဒီမိုကရေစီကို ပံ့ပိုးရာမရောက်ဘူး။ အာဏာရှင်ကို ပံ့ပိုးရာရောက်တယ်။ အာဏာရှင်စနစ်ဆိုတာ အစိုးရက အားလုံးလုပ်တယ်။ အားလုံးဆုံးဖြတ်တယ်။ အစိုးရခေါင်းပေါ်မှာ အားလုံးအပြစ်ကျတယ်။ ဒီမိုကရေစီအစိုးရကျတော့ အပြစ်အားလုံးခေါင်းပေါ်ကျတယ်။ ဒါပေမယ့် အစိုးရက အားလုံးကို လုပ်ပိုင်ခွင့်မရှိဘူး။ အစိုးရကလည်း ဥပဒေရဲ့ ကန့်သတ်ချက်အောက်မှာ လုပ်ရတယ်။"လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

တွေ့ဆုံပွဲမှာ ပြည်သူတွေက ဒေသဖွံ့ဖြိုးရေးကိစ္စ၊ လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်လို့ မေးခွန်းပေါင်း ၆၉ စောင်မေးမြန်းဖို့ တင်ပြခဲ့ပေမယ့် အချိန်အကန့်အသတ်ကြောင့် ၂၀ ခုကိုသာ ပြန်လည်ဖြေကြားခဲ့ပြီး ကျန်တာကိုတော့ ပြန်လည်အကြောင်းကြားပေးမယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ တိုင်ကြားစာပေါင်း ၁၃၄ စောင်ရရှိခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ လူထုတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေလည်း လိုက်ပါခဲ့ပါတယ်။

 မတ်လ ၁၀ ရက်နေ့ကလည်း လားရှိုး၊ ပြင်ဦးလွင်မြို့မှာ လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ ဒီပဲယင်း၊ ရွှေဘိုမြို့တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013