DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ "မသန်မစွမ်း " အသုံးအနှုန်းကို "မသန်စွမ်း" စကားရပ်ဖြင့်ပြင်ဆင်
DVB
·
March 10, 2020
ဖွဲ့စည်းပုံအခြေခံဥပဒေပါ "မသန်မစွမ်း " အသုံးအနှုန်းကို "မသန်စွမ်း" စကားရပ်ဖြင့်ပြင်ဆင်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့  ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို ဒီကနေ့ မတ်လ ၁၀ ရက်မနက်က  ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ရာမှာ ပုဒ်မခွဲ ၂ ခုကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ ပုဒ်မ ၅၊ ၆၊ ၆ (စ) ၇၊ ၈၊ ၁၄၊ ၁၇ (ခ) ၊ ၂၀(ဂ)၊ ၂၆(က)၊ ၃၉၊ ၄၀(ခ) (ဂ) တွေအပါအဝင် ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ် ၁ ကို လျှို့ဝှက်စနစ်နဲ့ မဲပေးကြတာမှာ မဲ ၇၅ ရာခိုင်နှုန်းကျော် မရတဲ့အတွက် အများစုကို မူလအတိုင်းထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 နိုင်ငံတော်အခြေခံမူတွေထဲမှာပါဝင်တဲ့  ပုဒ်မ ၃၂ (က) နဲ့ ၃၂(ခ)တွေကိုတော့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိပြီး ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ဖို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာသွားပါတယ်။

ပုဒ်မ ၃၂ (က)မှာ ပါဝင်တဲ့ “နိုင်ငံတော်သည် မိခင်နှင့် ကလေးများ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်”လို့ မူလပြဋ္ဌာန်းချက်မှာဖော်ပြထားတာကို “နိုင်ငံတော်သည် မိခင်နှင့် ကလေးများ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်”လို့ ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အလားတူ ပုဒ်မ ၃၂ (ခ)မှာ ပါဝင်တဲ့ “မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရေးနှင့် အသက်မွေးပညာကို အခလွတ်သင်ယူ နိုင်စေရန် စီမံဆောင်ရွက်ရမည်”ဆိုတဲ့ မူလပြဋ္ဌာန်းချက်အစား  “မသန်စွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရေးနှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်”ဆိုတဲ့စာသားနဲ့ အစားထိုးပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့် အညီတပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို ဦးတည်သည်လို့ ပြင်ဆင်ထားတာနဲ့ ပုဒ်မ ၈ နိုင်ငံတော်ကို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ဖို့ စတဲ့ အဓိက ကျတဲ့ ပုဒ်မတွေကိုတော့ ပြင်ဆင်နိုင်ခြင်းမရှိပါဘူး။ 

ဒီပုဒ်မတွေ ပြင်နိုင်ဖို့ ပြည်ထောင်စု လွှတ်ကိုယ်စားလှယ်အားလုံးရဲ့  ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး ၄၉၁ မဲရဖို့ လိုအပ်တာဖြစ်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်စုစုပေါင်းကတော့ ၆၅၄ ဦးရှိပြီး အစည်းအဝေးမတက်ဘဲ ပျက်ကွက်သူ ရွေးကောက်ခံအမတ် ၂၁ဦး ထိရှိခဲ့ပါတယ်။

မနက်ဖန် မတ်လ ၁၁ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ  ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ် ၂  ကို ဆက်လက်မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013