ပြွန်တန်ဆာမြို့တွင် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
March 7, 2020

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ချောက်တံ တံတားအနီးမှာ မတ် ၇ ရက် မနက် ၉ နာရီက ယာဉ် ၂ စီးတိုက်မိတာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေရဲစခန်းက ပြောပါတယ်။
မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို ထွန်းလင်းအောင် မောင်းနှင်လာတဲ့ မစ်ဆူဘီရှိ ဖူဆို အမျိုးအစား ၂၀ ဘီးယာဉ်နဲ့ မျက်နှာချင်းဆိုင်မှ ကျော်ကျော်လွင် မောင်းနှင်ပြီး ယာဉ်ပေါ် စောဆာမွယ်မူ လိုက်ပါလာတဲ့ နစ်ဆန်းအမျိုးအစား ၆ ဘီး ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ လမ်းမအလယ်မှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ကျော်ကျော်လွင် ၃၉ နှစ်၊ အမှတ်(၃)ရပ်ကွက်၊ ဖဒိုမြို့နေသူ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ထွန်းလင်းအောင်နဲ့ စောဆာမွယ်မူတို့ နှစ်ဦး ဒဏ်ရာ အသီးသီးရရှိခဲ့တာကြောင့် ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ နယ်မြေစခန်းမှူး ရဲအုပ်စိုးသိန်းက ပြောပါတယ်၊
"တယောက်က စိုးရိမ်ရလို့ ပဲခူးဆေးရုံကို လွှဲလိုက်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတော့ မရှိပါဘူး။ လမ်းမပေါ် ဒီဇယ်တွေကျလို့ လမ်းမချော်ရအောင် မီးသတ်ကားနဲ့ ရေပတ်ချလိုက်ရပါတယ် ။"
ယာဉ်နှစ်စီးလုံးရဲ့ ဦးခေါင်းပိုင်းနဲ့ ဘော်ဒီပျက်စီးခဲ့ရပြီး သိန်း ၈၀ ဖိုးလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ကျော်ကျော်လွင်နဲ့ ထွန်းလင်းအောင်တို့ကို ပြွန်တန်ဆာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က နဲ့ အမှုဖွင့်ထားရှိတယ်လို့ သိရပါတယ်။