
အီရန်စစ်ပွဲကြောင့် စွမ်းအင်အသုံးစရိတ် ကြီးမြင့်လာတာကြောင့် ဥရောပနိုင်ငံတွေမှာ အိမ်ခေါင်မိုးပေါ် နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ ဆိုလာတွေ တင်ပြီး သုံးတာတွေ ပြန်လည် ခေတ်စားလာပါတယ်။
သမိုင်းတလျှောက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်ရပြီး စွမ်းအင်အသုံးစရိတ် ကြီးမြင့်လာတာကြောင့် ဥရောပတိုက်ရှိ အိမ်တွေမှာ ဆိုလာတွေ ပြန်သုံးလာတာပါ။
အီရန်စစ်ပွဲကြောင့် ရေနံ၊ ဓာတ်ငွေ့နဲ့ လျှပ်စစ်နှုန်းထားတွေ တိုးမြင့်လာပြီး ဒီလို စရိတ်တိုးမြင့်မှုက ကုမ္ပဏီတွေနဲ့ အိမ်တွေကို ပိုသက်သာတဲ့ စွမ်းအင်အသုံးပြုမှုဆီကို ဦးတည်စေပါတယ်။
အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ဥရောပရှိ ဂျာမနီ၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံ တို့မှာ ဆိုလာစနစ်တွေ အသုံးပြုလာတယ်လို့ ဆိုလာရောင်းချသူတွေရဲ့ အင်တာဗျူးကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
ခေါင်မိုးပေါ် ဆိုလာတပ်တာတွေဟာ ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ် များလာတာဖြစ်ပါတယ်။
ဥရောပဟာ လောင်စာဆီနဲ့ ဓာတ်ငွေ့ တင်ပို့နေရတာကို မှီခိုမှုတွေ လျှော့ချဖို့ ပိုပြီးလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။
ဂျာမနီရှိ Solar Handel 24 ပူးတွဲတည်ထောင်သူ နော်ဒန်က “ဒီစစ်ပွဲဟာ စွမ်းအင်အပေါ် မှီခိုနေရတာတွေကို ဖော်ထုတ်ပြတဲ့ ပြဿနာပါပဲ” လို့ ပြောပါတယ်။
အီရန်စစ်ပွဲ စကတည်းက ဥရောပမှာ စွမ်းအင်ဆိုင်ရာ ဈေးတက်မှုက အမေရိကန် အပါအဝင် တခြားနေရာတွေထက် ပိုပြီး များခဲ့ပါတယ်။
ဒါပေမဲ့ မတ်လအရောက်မှာ စွမ်းအင်ကုန်ကျစရိတ် အမြင့်ဆုံးကနေ ပြန်ကျလာတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Solar Handel 24 ဟာ မတ်လထဲမှာ ရောင်းအား ၃ ဆကျော်တိုးခဲ့ပြီး ယူရို သန်း ၇၀ အထိ ရောင်းချခဲ့ရကာ ဧပြီလမှာ ယူရို သန်း ၆၀ ရောင်းချရမယ်လို့ မျှော်လင့်နေပါတယ်။
ဥရောပကို ဖြန့်ချိတဲ့ ဆိုလာပစ္စည်း ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေ ဖြစ်ပါတယ်။
Source: Reuters











