ပုသိမ်တွင် ဖွင့်လှစ်မည့် အထည်ချုပ်စက်ရုံ ၂ ရုံကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
DVB
·
March 5, 2020

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကောင်အထည်ဖော်နေတဲ့ ပုသိမ်စက်မှုမြို့တော် စီမံကိန်းမှာ ပါရှိတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် စက်ရုံဖွင့်လှစ်မယ့်ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ စီမံကိန်းတာဝန်ရှိသူက ပြောပါတယ်။
စက်ရုံ ၂ ရုံကို ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလထဲတွ စက်ရုံဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်က စက်ပစ္စည်းတွေ မပို့ဆောင်နိုင်တော့လို့ စက်ရုံဖွင့်မယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ တာလို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှ ဒုဥက္ကဋ္ဌ ဦးစည်သူစိုးက ပြောပါတယ်။
"စက်ရုံတွေက ၉၀ ရာခိုင်နှုန်းကျော်ပြီးနေပါပြီ။ အထဲမှာ ထည့်ရမယ့် စက်ပစ္စည်းတွေပဲလို တော့တာပါ။ ကုန်ကြမ်းပစ္စည်းပိုင်းတွေ တင်သွင်းလို့ မရသေးတဲ့အတွက် ရေမီးတွေ တပ်ဆင်ဖို့ပဲ လိုတော့တာ၊ စက်ရုံထဲမှာ ပစ္စည်းတွေတပ်ဆင်ရုံနဲ့တင်မပြီးပါဘူး စက်ရုံမှာလုပ်ကြမယ့် လုပ်သားတွေကို လေ့ကျင့်ရမယ့် အချိန်လည်း လိုအပ်တယ်။ အခုကတော့ ဒီရောဂါဘယ ဖြစ်ပွားလာတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့မရနိုင်သေးပါဘူး၊ ရောဂါထိန်းချုပ်နိုင်မှုအပေါ်မှာ မူတည်ပါတယ်။"
စက်ရုံဖွင့်လှစ်ဖို့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရတဲ့ စက်ရုံ ၂ ရုံကို ဖွင့်လှစ်နိုင်ပါက ဒေသတွင်းက အလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ပုသိမ်စက်မှုမြို့တော်စက်မှုစီမံကိန်းအတွင်း တည်ဆောက်ပြီးစီးတော့မယ့် အထည်ချုပ်စက်ရုံ ၂ နှစ်ရုံအပြင် နောက်ထပ်တည်ဆောက်ဖို့အတွက် အထည်ချုပ် စက်ရုံ ၆ ရုံကိုပါ မြေသားနမူနာ စမ်းသပ်တာတွေ၊ မြေနေရာရှင်းလင်းတာတွေနဲ့ Foundation ဖော်တာတွေပြုလုပ်နေပြီဖြစ်ပြီး စက်ရုံအားလုံးကို ၂၀၂၀ ပြည့်နှစ်အတွင်း ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိ တည်ဆောက်နေတဲ့ အထည်ချုပ်စက်ရုံတွေကို တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံက လုပ်ငန်းရှင်တွေကို နှစ်တို နှစ်ရှည် စာချုပ်တွေနဲ့ ငှားရမ်းလုပ်ကိုင်သွားမှာဖြစ်ပြီး စက်ရုံအားလုံး ဖွင့်လှစ်ပြီးရင် အလုပ်သမား ၁၀၀၀၀ ကျော်ကို အလုပ်အကိုင်ဖန်းတီးပေးနိုင်မယ်လို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရုံးက သိရပါတယ်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟွာမှုန်အထည်ချုပ်စက်ရုံ ကတော့ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့ကစတင်ကာ စက်ရုံကို ယာယီ (ရက်အကန့်အသတ်မရှိ) ပိတ်သိမ်းထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)