စိုက်ပျိုးရေးနှင့် စားသောက်ကုန် စျေးကွက်စနစ်ဖွံ့ဖြိုးရေး ရန်ပုံငွေ လျှောက်ထားနိုင်
DVB
·
March 4, 2020

အမေရိကန်အခြေစိုက်ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့အစည်းဖြစ်တဲ့ (USAID)ကနေ စိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းရဲ့ စျေးကွက်စနစ်တွေ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
မတ်လ ၃ ရက် နေ့လယ်ပိုင်းက မကွေးမြို့ နန်းထိုက်သူဟိုတယ်မှာ ပြုလုပ်တဲ့ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းတွေရဲ့ စျေးကွက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း မိတ်ဆက်ပွဲမှ သိရတာပါ။
(USAID)စိုက်ပျိုးရေးနဲ့အစားအသောက် ထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်းအနေနဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကစိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်ထုတ်လုပ်သူတွေကို ရန်ပုံငွေ လျှောက်ထားခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ပုံငွေခွင့်ပြုရာမှာ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ပုံငွေလျှောက်ထားရာမှာ လိုအပ်တဲ့အချက် ၆ ချက်ကို ထုတ်ပြန်ပေးထားတယ်လို့ (USAID)မှ တာဝန်ရှိသူ Agnes Luz ကပြောပါတယ်။
(USAID)စိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအနေနဲ့ စျေးကွက်စနစ် ဖွံ့ဖြိုးရေးရန်ပုံငွေအပြင် နည်းပညာပိုင်းဆိုင်ရာအကူအညီတွေ၊ သုတေသနနဲ့ လေ့လာဆန်းစစ်မှုတွေကလည်း စိုက်ပျိုးထုတ်လုပ်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကူညီပေး သွားမယ်လို့ သိရပါတယ်။
မကွေးမြို့မှ စီးပွားဖြစ်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူ ကိုချမ်းမြေ့ကြွယ်က “တိုင်းအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ အခုလိုရန်ပုံငွေထောက်ပံ့ရေးအဖွဲ့တွေ ဝင်ရောက်လာတာဟာ ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ စျေးကွက်ဖော်ဆောင်သူများ အတွက် ဖွံ့ဖြိုးမှုများစွာရှိစေမှာဖြစ်တယ်၊ ထောက်ပံ့ငွေက ကျပ်သိန်း၁၀၀ကနေ ကျပ်သိန်း ၁၀၀၀ အထိ ထောက်ပံ့ပေးပြီး ပြန်မပေးရဘူး”လို့ ပြောပါတယ်။
(USAID)စိုက်ပျိုးရေးနဲ့အစားအသောက်ထုတ်ကုန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းဟာ အမေရိကန် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှု၊ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် အစဉ်တစိုက် ဆောင်ရွက်နေတဲ့ Feed the Future အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
မကွေးမြို့မှာပြုလုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေရဲ့ စျေးကွက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း မိတ်ဆက်ပွဲကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အစိုးရမဟုတ်တဲ့ စွန့်ဦးတီထွင်သူတွေ၊ ဒေသတွင်းစိုက်ပျိုးရေးလုပ်ကိုင်သူတွေ၊ စိုက်ပျိုးရေးထွက်ကုန် ရောင်းဝယ်သူတွေ တက်ရောက်ကြပါတယ်။
သတင်း- တင်ရွှေ(မင်းဘူး)