DVB Logo
Home
မြန်မာသတင်း
အထက်မန္တလေးလမ်းထဲ ယာယီဈေး တည်ဆောက်မည့်ကိစ္စ လမ်းသူလမ်းသားများ ကန့်ကွက်
DVB
·
March 2, 2020
အထက်မန္တလေးလမ်းထဲ ယာယီဈေး တည်ဆောက်မည့်ကိစ္စ လမ်းသူလမ်းသားများ ကန့်ကွက်
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် ကန်အရှေ့ရပ်ကွက် အထက်မန္တလေးလမ်းထဲမှာ ခေတ္တယာယီဈေး တည်ဆောက်မယ့် ကိစ္စကို လမ်းသူလမ်းသားတွေက ကန့်ကွက်လိုက်ပါတယ်။ 

မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမပေါ်မှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ကန်အရှေ့ရပ်ကွက် အထက်မန္တလေးလမ်းထဲမှာ ခေတ္တယာယီဈေး ပြောင်းရွှေ့ထားမယ့်ကိစ္စအပေါ် လမ်းသူလမ်းသားတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်ပါက လမ်းသူလမ်းသားတွေအနေနဲ့ ဆန္ဒထုတ်ဖော်သွားမယ်လို့ လမ်းသာယာရေးဥက္ကဋ္ဌ ဦးမြင့်ဇော်ထိုက်က ပြောပါတယ်။

“ပျံကျဈေးသည်တွေကို ဒီလမ်းထဲမှာ၊ ရပ်ကွက်ထဲမှာ ထည့်တာကို လမ်းသူလမ်းသား တယောက်မှ လက်မခံနိုင်ဘူး။ ဒီလမ်းသူလမ်းသားတွေရဲ့ ဆန္ဒကို ကျနော်က ဦးဆောင်ပြီး တင်ပြတာပါ။”

လက်ရှိ မြန်မာ့ဂုဏ်ရည်လမ်းမပေါ်မှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ကန်အရှေ့ရပ်ကွက်၊ မန္တလေးလမ်းထဲမှာ ပြောင်းရွှေ့ နေရာချထားပေးသွားမှာပါ။ 

အခုပြောင်းရွှေ့ပေးမယ့် ဈေးသည်တွေကို ဥပဒေနဲ့အညီ ရောင်းချသွားဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ ဈေးသည်တွေကိုတော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောပါတယ်။

“အခုထိ ပြစ်ဒဏ်ချပြီး အရေးယူတဲ့အရာ ဘာတခုမှ မလုပ်သေးဘူး။ ကျနော်တို့ တာဝန်ယူတဲ့အချိန်ကစပြီးတော့ တခုပဲရှိတယ်။ ဆိုက်ကားသမားတွေ လိုင်စင်မရှိတာတို့၊ အသေးစား ပြင်ဆင်တာ ခွင့်ပြုချက်မတင်တာတို့ ဒါတွေပဲ ကျနော်တို့ လုပ်သေးတယ်။ ဈေးသည်တွေနဲ့ပတ်သက်ပြီး ကျူးကျော်ဈေးသည်တွေ ရှိတဲ့နေရာမှာ ကျနော်တို့ ပစ္စည်းသိမ်းတာတို့၊ ရုံးတင် တရားစွဲတာတို့က ကျနော်တို့လက်ထက်မှာ နှစ်မှု သုံးမှုကလွဲလို့ မရှိသေးဘူး”

ပြောင်းရွှေ့မယ့် ဆိုင်နေရာတွေကို အပြီးပိုင်ဆိုင်ခွင့်ပေးလိုက်တာ မဟုတ်ဘဲ ခေတ္တယာယီဈေးအဖြစ် ထားရှိသွားမယ်လို့ ဆိုပါတယ်။

မြန်မာ့ဂုဏ်ရည်ရည်လမ်းမကြီးပေါ်မှာ ရောင်းချနေတဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ပေးမယ့် ကိစ္စဟာ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဆောင်ရွက်တာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ဈေးသည်တွေကို နေရာတွေ အပြီးပိုင်ဆိုင်ခွင့် ပေးလိုက်တာ မဟုတ်ဘူး။ ယာယီပဲ။ လိုအပ်ရင် ရွှေ့ရမှာ။ အခုကတော့ လမ်းမ‌ကြီးပေါ်က ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ကျမတို့ ပြင်ဆင်ပြောင်းလဲတာ ဖြစ်ပါတယ်။”

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်အရှေ့ရပ်ကွက် အထက်မန္တလေးလမ်းမှာ တိုက်အလုံးပေါင်း ၂၅ လုံးရှိပြီး လူဦးရေ ၁၅၀၀ ကျော်လောက် နေထိုင်နေပါတယ်။  

နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013