
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ပြီးခဲ့တဲ့လကုန်ရက်က ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသွားရသူတွေအတွက် တဦးလျှင် ကျပ်သိန်း ၁၀၀ စီ ကျန်ရစ်သူ မိသားစုဝင်တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ထောက်ပံ့ခဲ့ပါတယ်။
သေဆုံးသွားရသူတွေအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွပ်တရားနာ အလှူအတန်းမျှဝေတာကို လည်း ဇွန် ၆ ရက်က ကျင်းပခဲ့တာမှာ TNLA ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေ တက်ရောက်ပြီး ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံး နစ်နာခဲ့ရသူတွေအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ ဒီဖြစ်စဉ်အတွက် လေးနက်စွာတောင်းပန်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေအတွက်လည်း လိုအပ်တဲ့ ဆေးဝါးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြားလိုအပ်တဲ့ အကူအညီတွေကို ဆက်လက်ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။
မေ ၃၁ ရက်က ကောင်းတပ်ရွာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၁၂ ယောက် ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇွန် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီး အလှူငွေတွေ ကောက်ခံ နေတာမှာ ဇွန် ၈ ရက်ထိ စေတနာရှင်တွေဆီက အလှူငွေ တရုတ်ယွမ် ၂၀၆ , ၄၃၅ ယွမ် နဲ့ မြန်မာငွေ ကျပ် သန်းပေါင်း ၉၀၀ ကျော် လက်ခံရရှိပြီဖြစ်ပြီး ကောင်းတပ်ရွာပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် သီးသန့်စီမံခန့်ခွဲကာ စနစ်တကျ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးနဲ့ နေရာချထားရေးအစီအစဉ်မှာ ပေါက်ကွဲမှုကြောင့် ကွယ်လွန်သူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို ကူညီထောက်ပံ့ရေး၊ ထိခိုက်ပျက်စီး အိုးအိမ်တွေ အများပိုင်အဆောက်အအုံနဲ့ ယိုင်နဲ့ ယိုယွင်းသွားတဲ့ အိမ်ခြေတွေ ကူညီထောက်ပံ့ရေး၊ အိမ်ဆောက်ပစ္စည်း ကူညီထောက်ပံ့ရေး၊ စားဝတ် နေရေးအဆင်ပြေအောင် စီမံခန့်ခွဲရေးတွေ ပါဝင်ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ဒဏ်ရာပေါ်မူတည်ကာ အဆင့် A အဆင့် B ပမာဏအလိုက် ထောက်ပံ့မယ်။ အဆောက်အအုံတွေကိုလည်း အင်ဂျင်နီယာအဖွဲ့ရဲ့ ကွင်းဆင်းလေ့လာချက်အရ အနီရောင်ဆင့်၊ အဝါရောင်ဆင့်ခွဲပြီး ထောက်ပံ့မယ်လို့ ဆိုပါတယ်။
ထောက်ပံ့ကြေးတွေအနေနဲ့ လက်ခံရရှိထားတဲ့ ရန်ပုံငွေအားလုံးကို ထိခိုက်နစ်နာသူအားလုံးထံ ထပ်ဆင့် ပံ့ပိုးပေးအပ်သွားမယ်၊ အခြေခံစားသောက်ကုန်တွေကို အခမ်းအနားနဲ့ စနစ်တကျခွဲဝေပေး အပ်မယ်၊ ထောက်ပံ့တဲ့ အကြိမ်တိုင်းကို သတင်းထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
TNLA ရဲ့ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ပရဟိတအဖွဲ့ဝင်တယောက်က “ဒုက္ခရောက်နေသူတွေက လူအမျိုးမျိုး၊ စိတ်အမျိုးမျိုးရှိတော့ ကောင်းတာပြောသလို ဆိုးတာပြောတာလည်း ရှိမှာပေါ့။ လောလောဆယ် မထောက်ပံ့နိုင်သေးတာက သူတို့က စီမံခန့်ခွဲနေဆဲလို့ သိရပါတယ်၊ ပျက်စီးသွားတဲ့ အိမ်ခြေများတော့ ကြိုတင်စီစဉ်ရတာပေါ့” လို့ ပြောပါတယ်။
ယမ်းပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာက အိမ်တွေတင်မကဘဲ အနီးတဝိုက်ရှိ ပန်လုံ၊ နမ့်ခမ်း၊ စေ့ဟိုင်း စတဲ့ ရပ်ကွက်နဲ့ ကျေးရွာက နေအိမ်တွေပါ ပျက်စီးထိခိုက်တယ်၊ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော်မယ်လို့ အကူအညီပေးနေသူက ပြောပါတယ်။
နေအိမ်တွေပျက်စီးဆုံးရှုံး ဒုက္ခရောက်ခဲ့ရသူတွေအတွက် လောလောဆယ် စားနပ်ရိက္ခာအတွက် ရပ်နီးရပ်ဝေးအလှူရှင်တွေ လာရောက်လှူဒါန်းနေပါတယ်။
ဇွန် ၁၁ ရက်နေ့ကျရင် မူဆယ်ခရိုင်ရှိ ပရဟိတအဖွဲ့ ၁၆ ဖွဲ့၊ တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့ စုပေါင်းကာ ကောက်ခံရရှိထားတဲ့ အလှူငွေနဲ့ ပစ္စည်းတွေ သွားရောက်ကူညီဖို့ ရှိနေတယ်လို့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။










