DVB Logo
Home
Lead Story
ဂြိုဟ်မွှေတဲ့ ခြေဥပုဒ်မ ၆ (စ) ကို ပယ်ဖျက်ကြ
DVB
·
February 28, 2020
ဂြိုဟ်မွှေတဲ့ ခြေဥပုဒ်မ ၆ (စ) ကို ပယ်ဖျက်ကြ
Donate to DVB

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအကြောင်းပြောရင် ပထမဆုံးအခန်ဖြစ်တဲ့ “အခြေခံမူများ”အကြောင်းမပြောလို့မဖြစ်ဘူး။ ဒီအခြေခံမူတွေအပေါ်မှာမူတည်ပြီး ကျန်ဥပဒေတွေကို ထည့်သွင်းရေးဆွဲကြရတာ။ ဒီတော့သူက အဓိက မူဘောင်ချတဲ့ပုဒ်မတွေပဲ။ အဲ့ဒီအခြေခံမူထဲမှာ ဒီမိုကရေစီကို ဂြိုဟ်မွှေတဲ့ပုဒ်မကတော့ ပုဒ်မ၆-စပဲဖြစ်တယ်။ ဒီ နေ့လွှတ်တော်မှာ အငြင်းအခုန်အဖြစ်ရဆုံးကလည်း ဒီပုဒ်မပဲမဟုတ်လား။ ဒါဆိုရင် ဒီပုဒ်မ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို လေ့လာဖို့လိုပါမယ်။ ပုဒ်မ၆-စလုံး ဘယ်လိုပေါ်ပေါက်လာခဲ့ရသလဲ…။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တာက စပြောရမယ်ထင်ပါတယ်။ အဲ့လိုအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးအဖြစ်တာဝန်ယူထားရသူက ဗိုလ်စောမောင်ပါ။ သူက အနိုင်ရပါတီကို အာဏာလွှဲမယ်ဆိုတဲ့ ကတိကလည်း ပေးထားခဲ့ပါတယ်။ ပေးထားတဲ့ကတိကို တည်လိုဟန်လည်းရှိပါတယ်။ ဒီအချိန်မှာ တပ်ထဲကအလွန်ရန်လိုစိတ်ကြီး တယ်လို့နာမည်ကြီးတဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်မြင့်အောင်တို့အုပ်စုက “ဘာလို့အာဏာလွှဲရမှာလဲ”ဆိုတဲ့ အသံတွေ ထွက်လာတယ်။ သူတို့နဲ့အဆင်မပြေတဲ့ ဗိုလ်ခင်ညွန့်ကလည်း အာဏာမလွှဲရေးကိစ္စမှာတော့ ‘တလှေထဲစီး တခရီးထဲသွား’ဖြစ်ခဲ့တာပါ။

ဗိုလ်စောမောင်ကတော့ “ငါတို့ကစစ်သား။ စစ်သားဆိုတာ စကားတည်ရတယ်။ အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ်”လို့ တဖွဖွပြောနေဆဲပါ။ သူကတော့ အလွန်စစ်သားကောင်းပီသချင်သူလို့ပဲဆိုရမှာပါ။ ဒါပေမယ့် စစ်သားပီသသူကပဲ နည်းလေသလား၊ တိုင်းပြည်ကံကြမ္မာကပဲ ဆိုးလေသလားမပြောတတ်တော့။ အာဏာလွှဲရေး မလွှဲရေးပြဿနာမှာ ဗိုလ်စောမောင်ဘက်က လူနည်းစုဖြစ်ပြီး ဗိုလ်သန်းရွှေနဲ့အာဏာမလွှဲလိုသူတို့ဘက်ကအားသာ သွားခဲ့ပြီး ဗိုလ်စောမောင်ဟာ အာဏာအသိမ်းခံလိုက်ရပါတော့တယ်။ ( ဗိုလ်စောမောင်ထံက အာဏာသိမ်းသွားပုံကို  “ဗိုလ်မှူးအောင်လင်းထွတ်အမှန်ပြောခဲ့သလား”မှာရေးထားပြီး)

ဗိုလ်သန်းရွှေအာဏာသိမ်းပြီးနောက် သူဟာ နဝတဥက္ကဋ္ဌ ဖြစ်လာတယ်။ သူဥက္ကဋ္ဌ ဖြစ်တာနဲ့တပြိုင်တည်း စတင်လုပ်ဆောင်တာက“NLD အမြစ်ပြတ်ချေမှုန်းရေး”ပါ။ NLDအမတ်တွေအဖွဲ့ဝင်တွေလည်း တောထဲပြေးသူပြေး၊ ထောင်ကျသူကျပေါ့။ ဒီလိုခြေမှုန်းပြီးတာနဲ့ အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်ထဲမှာ ကျင်းပမယ့်အကြောင်းကြေညာခဲ့ ပါတယ်။ ဒီလိုမကြေညာမီမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်တင်ဦး(အတွင်းရေးမှူး-၂)နဲ့ ဗိုလ်ခင်ညွန့်တို့သုံးဦးသား ညီလာခံမှာ ဦးတည်ရမယ့် ဦးတည်ချက်တွေကိုဆွေးနွေကြပါတယ်။ ဗိုလ်မောင်အေးတော့မပါဘူး။ သူကရှမ်းပြည်နယ်အရှေ့ပိုင်း တိုင်းမှူး ဘဝပဲရှိသေးတာ။

အဲ့ဒီဆွေးနွေးပွဲမှာ “တပ်မတော်ရဲ့ဦးဆောင်မှုကို မြန်မာ့နိုင်ငံရေးမှာထည့်သွင်းဖို့” အကြောင်းလို့ဆိုပါတယ်။ ဒီအဆိုကို တင်သွင်းလာသူက ဗိုလ်သန်းရွှေပါ။ ဒါနဲ့ပတ်သက်ပြီး VOA တွေ့ဆုံမေးမြန်းခန်းမှာ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ပြောပြခဲ့တာက..

“အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးတင်ဦး(တွင်း/၂)ရော၊ ဗိုလ်ခင်ညွန့်ကပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပြောပါတယ်။ ဒီတပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ ဗမာ့နိုင်ငံရေးမှာ ထည့်သွင်းဖို့ဆိုရင် မြန်မာပြည်မှာ အရပ်သားနိုင်ငံရေး သေသွားလိမ့်မယ်။ အရပ်သားနိုင်ငံရေးဆိုတာ ရှိတော့မှာမဟုတ်တော့ဘူးဆိုပြီး ပြန်ပြီးပြောခဲ့တာတွေရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘာပြန်ပြောလည်းဆိုတော့… ‘ အရပ်သားနိုင်ငံရေး မြန်မာပြည်မှာပျောက်သွားတော့ မကောင်းဘူးလားကွ’ပြန်ပြောတဲ့”အကြောင်းကို ထွက်ဆိုသွားခဲ့တာပါ။

အာဏာရှင်ဆိုတာဒါပါပဲ။ ဟစ်တလာလည်းအရပ်သားနိုင်ငံရေးကို ရှပ်ညိုတွေ၊ မုန်တိုင်းတပ်တွေနဲ့ အစားထိုးခဲ့တာပဲလေ။ ဗိုလ်သန်းရွှေရဲ့စကားကို ဗိုလ်တင်ဦးရော ဗိုလ်ခင်ညွန့်ပါ ငြင်းဆန်နိုင်ဟန်မရှိတာလား။ အလိုတူအလိုပါလုပ်ခဲ့သလားဆိုတာ မပြောသာပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပုဒ်မ ၆ (စ) ကတော့ အခြေခံမူ တခုအဖြစ်ပါဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီပုဒ်မက….

   “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” တဲ့။

အဲ့သလို အရပ်သားနိုင်ငံရေးကို ချေမှုန်းဖို့ကြံရွယ်ချက်နဲ့ ထည့်သွင်းလာခဲ့တာကြောင့် ဂြိုဟ်မွှေတဲ့ပုဒ်မအဖြစ် လူထုကမြင်ခဲ့ကြတာပါ။ ဒီလိုအမြင်ရှိလို့လည်း အခုလွှတ်တော်ထဲမှာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကလည်း အစဉ်တစိုက်ဦးတည်ကန့်ကွက် ဖျက်သိမ်းပစ်ဖို့ ကြိုးစားနေကြဟန်ပါပဲ။ ဒီပုဒ်မ ဆက်လက်တည်ရှိရေးအတွက်ကိုလည်း တပ်ချုပ်ကိုယ်ပွား တပ်မတော်သားများကလည်း မပြင်ဆင်ရေးဘက်ကနေ အပြင်းအထန် ခုခံကာကွယ်နေကြလေရဲ့။

တကယ်တော့လွှတ်တော်ဆိုတာ ပြည်သူရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေနဲ့သာ ဆိုင်တဲ့နေရာတခုပါ။ သခင်အောင်ဆန်းကလည်း ၁၉၄၅ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များစည်းဝေးပွဲမှာ…

“စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်”လို့ ပြောခဲ့ပါတယ်။

တကယ်တော့ လွှတ်တော်ထဲမှာ “ရွေးကောက်ခံကိုယ်စားလှယ်” မဟုတ်တဲ့သူတွေဟာ လေ့လာသူအဆင့်ပဲရှိရမှာပါ။ လွှတ်တော်ထဲဝင်ပြီး မဲပေးခွင့်အော်ဟစ်ဆူပူခွင့် မရှိရပါဘူး။ ဒေါက်တာမောင်မောင်ကလည်း ‘တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ’ရဲ့ စာမျက်နှာ ၁၂၄ မှာ ဖေါ်ပြထားတာက….

“ဒီမိုကရေစီနိုင်ငံတွင် လက်နက်ကိုင်တပ်ပေါင်းစုသည် ပြည်သူထုကရွ ရွေးချယ်တင်မြှောက်သော ပါလီမန်၊ ၎င်းပါလီမန်ကတဆင့် တင်မြှောက်သော အစိုးရအဖွဲ့တို့၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။  ပါလီမန်ကခွင့်မပြုဘဲ တပ်ပေါင်းစုကိုတိုးချဲ့ခြင်းမပြုရ။” လို့ တပ်ရဲ့တည်ရှိရမယ့်နေရာနဲ့ အဆင့်ကိုဖေါ်ပြခဲ့ပါတယ်။ ဒါဟာဒီမိုကရေစံနှုန်းပါ။ လွှတ် တော်ထဲဝင်ပြီးချယ်လှယ်ခွင့်မပြောနဲ့ပါလီမန်ကတင်မြှောက်တဲ့ အစိုးရအဖွဲ့ရဲ့အုပ်ချုပ်မှု အောက်မှာပဲ ရှိရမှာပါ။

ဒါကြောင့် ပုဒ်မ ၆ (စ)လုံးဟာ ဂြိုဟ်မွှေတဲ့ ပုဒ်မတခုအဖြစ်သာရှိတာမို့ ယင်းပုဒ်မသာမက ၎င်းနဲ့ဆက်စပ်နေတဲ့ ဥပဒေပုဒ်မများကိုပါ တပါတည်းပြောင်းလဲပယ်ဖျက်ကြရမှာပါ။ အခုလွှတ်တော်မှာ ခြေ/ဥကို ပြင်တာပဲဖြစ်ဖြစ် ဖျက်သိမ်းတာပဲဖြစ်လုပ်ဆောင်ကြရာမှာ ဒီမိုကရေစီစံနှုန်းနဲ့မညီတာတွေ၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးကို အနှောင့်အယှက်ဖြစ်စေမယ့် ပုဒ်မတွေကို မျက်တောင်ဖျားလောက်အမြင်နဲ့မကြည့်ပဲ မျက်စိတဆုံးဝေးဝေးကြည့်မြင်ပြီး ပြောင်းလဲကြရာမှာ ပြည်သူတရပ်လုံးကလည်း နိုးကြားတက်ကြွစွာပါဝင်ကြရန်လိုအပ်ပါကြောင်း နှိုးဆော်တင်ပြလိုက်ပါတယ်။ 

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013