Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေသည့်တရုတ်နိုင်ငံအတွက် ကြံ့ခိုင်ရေးပါတီက လှူဒါန်းငွေပေးအပ်
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေသည့်တရုတ်နိုင်ငံအတွက် ကြံ့ခိုင်ရေးပါတီက လှူဒါန်းငွေပေးအပ်
DVB
·
February 28, 2020

တရုတ်နိုင်ငံမှာပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါ တိုက်ဖျက်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရုတ်နိုင်ငံကို လှူဒါန်းငွေ ပေးအပ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမမှာ ဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းကို တွေ့ဆုံပြီး လှူဒါန်းငွေတွေ ပေးအပ်လိုက်တာလို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးပြီး နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအလေးထားကြောင်း၊ လတ်တလော တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19)အ ဆုတ်ရောင်ရောဂါ အခြေအနေကို အလွန်ဂရုပြုကာ ရောဂါထိခိုက်ခံစားနေရတဲ့ တရုတ်နိုင်ငံပြည်သူတွေကို အားပေးနှစ်သိမ့်လိုကြောင်း ပြောကြားခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံကို လှူဒါန်းငွေပမာဏ ဘယ်လောက်ပေးအပ်လိုက်တယ်ဆိုတာကိုတော့ တရုတ်သံရုံးကရော ကြံ့ခိုင်ရေးပါတီဘက်ကပါ ထုတ်ဖော်ကြေညာခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာတပ်မတော်က တရုတ်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းဖိုးလောက် ရှိတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်တွေကို လေယာဉ်နဲ့ သွားရောက်ကူညီပေးအပ်ခဲ့ ပါတယ်။
တရုတ်သံအမတ်ကြီးကတော့ လှူဒါန်းငွေပေးအပ်မှုကို ကျေးဇူးတင်ကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့အတူ ရောဂါကာကွယ်ထိန်းချုပ်မှု၊ နှစ်နိုင်ငံကူးလူးဖလှယ်မှုနဲ့ ပေါင်းဆောင်ရွက်မှုကို ဘက်ပေါင်းစုံက စီမံခန့်ခွဲဆောင်ရွက်သွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရသူပေါင်း ဒီကနေ့ မနက်အထိ ၇၈၈၃၂ ဦး၊ သေဆုံးသူ ၂၇၈၈ ဦးနဲ့ ပြန်ကောင်းလာသူ ၃၆၁၇၇ ဦးရှိတယ်လို့ worldometer ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- USDP