
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းဆောက်လုပ်ခွင့် ၆၇၂ ကျောင်းရရှိခဲ့ပြီး သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်မီအောင် မဆောက်လုပ်နိုင်လို့ ကျောင်းပေါင်း ၅၇၃ ကျောင်းကို ပြန်အပ်ခဲ့ရတယ်လို့ တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူကပြောပါတယ်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းမှာ အခြေခံပညာကျောင်းဆောက်လုပ် ခွင့် ကျောင်းပေါင်း ၆၇၂ ကျောင်း ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး ကုမ္ပဏီပေါင်း ၁၃၀ ကျော်က ဆောက်လုပ်ခွင့်ရရှိခဲ့ကာ ၁၀၀ ရာခိုင်နှုန်းပြည့်ဆောက်လုပ်နိုင်ခဲ့တဲ့ကျောင်း ၉၉ ကျောင်း သာရှိတယ်လို့ တိုင်းပညာရေးမှူးရုံးက စီမံ/ဘဏ္ဍာညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ မပြီးခဲ့တဲ့ ကျောင်းတွေရဲ့ ငွေတွေကို ကျနော်တို့ ဝန်ကြီးဌာနကိုပြန်အပ်ခဲ့ရပါတယ်၊ ရာနှုန်းပြည့်ပြီးတာဆိုလို့ ကျနော်တိုင်းမှာ ၉၉ ကျောင်းပဲရှိခဲ့ပါတယ် "လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ သတ်မှတ်ချက် ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ဆောက်လုပ်နိုင်ခဲ့တဲ့ကျောင်း ၉၉ ကျောင်း၊ ၇၅ ရာခိုင်းနှုန်းအထိဆောက်လုပ်နိုင်ခဲ့တဲ့ကျောင်း ၁၆၆ ကျောင်း၊ ၆၃ ရာခိုင်နှုန်း အထိပြီးစီးအောင်ဆောက်လုပ်နိုင်ခဲ့တဲ့ကျောင်း ၁ ကျောင်း၊ ၅၀ ရာခိုင်နှုန်းအထိဆောက်လုပ် နိုင်ခဲ့တဲ့ကျောင်း ၁၉၂ ကျောင်းနဲ့ ၂၅ ရာခိုင်နှုန်းအထိဆောက်လုပ်နိုင်ခဲ့တဲ့ ကျောင်းပေါင်း ၂၀၁ ကျောင်းရှိတယ်လို့ တိုင်းပညာရေးမှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရတာပါ။
တည်ဆောက်ရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေထံ အပ်နှံရာမှာ မတ်လရောက်မှသာ အပ်နှံနိုင်ခဲ့လို့ အချိန် ၁ လနောက်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ မြို့ပေါ်ကျောင်းတွေက အချိန်မီ ပြီးစီးအောင်ဆောက်လုပ်နိုင်ခဲ့ပေမယ့် ဝေးလံတဲ့ ကျေးလက်ဒေသက ကျောင်းတွေကိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ အချိန်မီပြီးစီးအောင် မဆောက်လုပ်နိုင်ခဲ့တာလို့ ညွန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက သုံးသပ်ပြောဆိုပါတယ်။
ရာနှုန်းပြည့်မပြီးခဲ့တဲ့ကျောင်းတွေကို ဆောက်လုပ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက မေလ ပထမပတ်မှာ ဘတ်ဂျက်တွေကို ထုတ်ပေးသွားဖို့ရှိနေပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ အခြေခံပညာကျောင်းပေါင်း ၃၈၂ ကျောင်းဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက်ရရှိထားတာပါ။
သတင်း- မင်းထက်မုန်း (ပုသိမ်)










