
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စစ်အာဏာရှင်တပ်ရဲ့ ရွှေမြင်တင် အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ အဓမ္မပေါ်တာဆွဲခံထားရတဲ့ လူငယ် ၇ ယောက်ထဲက ၂ ယောက် ထွက်ပြေးသွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မပေါ်တာဆွဲခံထားရတဲ့ လူငယ်နှစ်ယောက်ဟာ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ပုသိမ်မြို့၊ မြတ်တိုကျေးရွာအနီး အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် ၆ ကနေ ထွက်ပြေးသွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “အဲဒီလူငယ်တွေက စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲခံထားရတဲ့ သူတွေပါ။ မနေ့က ညပိုင်း ၇ နာရီကျော်လောက်မှာ နှစ်ယောက် ထွက်ပြေးသွားတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဓမ္မပေါ်တာဆွဲခံထားရတဲ့ လူငယ်တွေဟာ ပုသိမ်၊ လေးမျက်နှာ၊ ဓနုဖြူ၊ ကျောင်းကုန်း စတဲ့ မြို့နယ်တွေကနေ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေက အဓမ္မဖိအားပေး ပေါ်တာဆွဲခေါ်ယူစုဆောင်းပြီး ပုသိမ်မြို့က စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် ၆ ကို ပို့ဆောင်ထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့က စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ပေါ်တာဆွဲ စုဆောင်းထားတဲ့ လူငယ်တွေ ထွက်ပြေးတာလို့ သိရတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေ မဟုတ်သေးဘူးလို့ သိရပါတယ်။ ပြန်မိတာမျိုး မရှိသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်၊ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေက အရပ်သား လူငယ်တွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ယူစုဆောင်းပြီး ပုသိမ်မြို့က စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် ၆ မှာ ရက်တိုသင်တန်းပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။











