DVB Logo
Home
Lead Story
မွှေးသာမွှေးပါစေ ပန်ကြပါလိမ့်မည် (အယ်ဒီတာအာဘော်)
DVB
·
February 26, 2020
မွှေးသာမွှေးပါစေ ပန်ကြပါလိမ့်မည် (အယ်ဒီတာအာဘော်)
Donate to DVB

ဖေဖော်ဝါရီ ၂၅ ရက်နေ့။ ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအကြိမ်ပြင်ဆင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင်းပါ ပုဒ်မများကို ဆွေးနွေးခြင်း အစီအစဉ်စတင်သောနေ့ ဖြစ်သည်။ စလျှင်စချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ တပ်မတော်သားကိုယ်စားလှယ်တဦး၏  လွှတ်တော်အတွင်း ပွက်လောရိုက် ဆူညံ အော်ဟစ်သံကြားလိုက်ရသည်။

ထို့နောက် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့သွားတော့သည်။ ဤသည်မှာမဆန်း။ လွှတ်တော်များတွင် ဖြစ်လေ့ဖြစ်ထရှိသော အငြင်းအခုံများပင်။ ‘နင်ပဲငဆ’ ပြောဆိုရိုင်းစိုင်းခြင်းက သူ့စရိုက်သူဖေါ်ခြင်းသာ။ သို့သော် ထူးဆန်းသည်က အဘယ်ကြောင့် လူထုကြားထဲ ဤမျှလောက် ဂယက်ရိုက်သွားသနည်း။ ထိုစစ်သား၏ ဆူညံအော်ဟစ်မှုသည် ကြမ်းတမ်းသည် ဆိုစေဦးတော့၊ လူထုက အဘယ်ကြောင့် နားလည်ခွင့်လွှတ်မပေးနိုင်ကြသနည်း ဆိုသော အချက်မှာ စဉ်းစားဖွယ်ရာပင်။

ဗုဒ္ဓဘာသာတရားအရမူ “စေတနာ အဟံ ကမ္မံ ဘိက္ခဝေ”ဟု ဆိုစကား ရှိသည်။ ‘ကံ’ ဆိုသော အလုပ်ကို စေတနာက ပြဋ္ဌာန်းခြင်းပင်။ ဤစေတနာသည်ပင် မမှန်ခဲ့လေသလောဟု စဉ်းစားစရာပင်။ အမှန်မူ မြန်မာလူထုသည် ဤမျှထိ စိတ်နှလုံး မကြမ်းတမ်းတတ်။ နူးညံ့သိမ်မွေ့၍ ခွင့်လွှတ်လွယ်သူများသာ ဖြစ်ကြသည်။ ခွင့်လွှတ်စိတ်ဖြင့် ရှုမြင်လေ့ရှိကြသည်။ သာဓကများစွာ ရှိပါသည်။ သူ့ကျွန်ဘဝရောက်ချိန် ဗမာတွေက နယ်ချဲ့ကို စိတ်မနာဘဲ ဖားယားခယနေသူတို့ကို “စာသင်တောင်ဦးချလို့၊ ပလူးကြပြေးကြိုကြရှာ၊ ခွေးသို့ပမာ၊” ဟူ၍ ဆီဘန်းနီဆရာတော်၏ ခွေးနှင့်နှိုင်းခြင်းကို ခံရသော်လည်း စိတ်မဆိုးခဲ့ကြပေ။

“တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ မောင်ဘဖေ ငါးထောင်မရတာကြောင့်”ဟူ၍ နွားနှင့်နှိုင်းကာ ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့သော်လည်း စိတ်မနာနိုင်ခဲ့ကြ။ ထိုနည်းအတိုင်းပင် ဗိုလ်ချုပ်အောင်ဆန်းက “ကုန်းနေအောင်လုပ်မှ၊ ပြဲနေအောင်လုပ်မှ အနှစ်နှစ်ဆယ်ဆိုတာ တန်ကာကျမယ်”  ဟူ၍လည်းကောင်း၊ “ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနဲ့ ဖာနိုင်ငံကြီး ဖြစ်သွားမယ်”ဟု လည်းကောင်း အရပ်သုံးစကားများဖြင့် ကြမ်းတမ်းစွာ ပြောခဲ့သော်လည်း ဗိုလ်ချုပ်ကို မည်သူမျှ မမုန်းနိုင်ကြ။ ချစ်မြဲချစ်လျက်ပင်။

ဤသည်ကို တွက်စစ်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများသည် ပြည်သူလူထုအတွက် စေတနာအမှန်ဖြင့် ပြောဆိုကြောင်း၊ လူထုအပေါ် စေတနာအမှန်ထားကြောင်း ပြည်သူလူထု နှလုံးသားက သိနေသဖြင့် ယနေ့ထိ ကြမ်းတမ်းသော်လည်း သူ့စကားကို ချစ်ခင်မြတ်နိုးစွာ အလေးထား ကိုးကားနေကြဆဲပင် ဖြစ်သည်။ အဓိကမှာ ပြည်သူလူထုအပေါ် မှန်ကန်သောစေတနာ ထားရှိခြင်းပင် ဖြစ်သည်။

“စေသည့်ကျွန် ထွန်သည့်နွား”ကဲ့သို့ သခင်တဦးတည်း၏ လက်ကိုင်တုတ်ဘဝသည် ပြည်သူလူထု၏ ခိုကိုးရာမဖြစ်နိုင်။ ထိုသူမျိုး၏ စေတနာသည်လည်း လူထုအပေါ် မလွှမ်းခြုံနိုင်ကြောင်း ပြည်သူ သိပြီးဖြစ်သည်ကို သတိချပ်ဖို့ လိုပေလိမ့်မည်။ အံဩဖွယ်ရာကောင်းသည်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၏ ပြည်ထောင်စုလွှတ်တော်ဆွေး‌နွေးပွဲအား ပြည်သူအများစု စိတ်ဝင်စားနေကြခြင်းပင်။

ယင်းသို့ စိတ်ဝင်စားသည်နှင့်အမျှ အဆိုး အကောင်း အကျိုးအကြောင်းနှင့် လွှတ်တော်တွင် တင်ပြသူတို့၏ စေတနာအပေါ် သဘောပေါက် နားလည်ထားကြသူများ ဖြစ်သည်။ ကိုးကားချက်အမှားများဖြင့် မလိမ့်တပတ်လုပ်၍ လိမ်ညာနေခြင်းကိုလည်း ပြည်သူက သိနေသည်။ မည်သူတို့၏ တင်ပြချက်များသည် မိမိတို့နှလုံးသားနှင့် မည်မျှ နီးစပ်သည်ကိုလည်း သိနေကြသည်။ ထိုအသိဖြင့် တုံ့ပြန်တတ်ကြသည်မှာ လူထု၏ သဘောသဘာဝပင် ဖြစ်သည်။

အဖြူနှင့် အမည်း အဆိုးနှင့် အကောင်းတို့ တပြိုင်တည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မြင်တွေ့နေရသည်တို့ကလည်း လူထုသဘောထားကို သက်သေခံနေသည်။ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့ကိုယ်စားလှယ် ဦးနေလင်းအောင်၏ “ပြည်သူကို မျက်နှာမူတဲ့ အခြေခံဥပဒေကိုသာ ပြင်ဆင်ရေးဆွဲလိုက်ပါ။ ပြည်သူကို မချစ်ပါနဲ့၊ မချစ်ပါနဲ့လို့ ပြောရင်လည်း ပြည်သူက ချစ်ကို ချစ်လာပါလိမ့်မယ်။ ‘မွှေးသာမွှေးပါစေ၊ ပန်ကြမှာပါ”ဟူသော ပြောစကားမှာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ဤသည်မှာလည်း စေတနာသာ အဓိကဆိုသော သဘောသက်ဝင်နေပေသည်။

မည်သို့ဆိုစေ ပြည်သူအပေါ် စေတနာထားလျှင် ပြည်သူက ချစ်ခင်မည်သာ။ ပြည်သူချစ်လျှင် ကမ္ပည်းတင်ခြင်း ခံရပါလိမ့်မည်။ “ပြည်သူမုန်းလျှင် စစ်ပင်ရှုံး”တတ်ကြောင်း သိပြီးသူများ ဖြစ်သဖြင့် ပြည်သူလူထု၏ ချစ်ခင်မှုခံယူနိုင်သောသူများ ဖြစ်ကြစေ။ သင်းပျံ့မွှေးကြိုင်၍ ပန်ဆင်သူ ပေါများကြပါစေဟူ၍သာ…။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013