DVB Logo
Home
မြန်မာသတင်း
အသက် ၇၀ ကျော် သူငယ်ပြန်တတ်သည့်အရွယ်များ တိုင်းပြည်ဦးဆောင်နေဟု ကြံ့ခိုင်ရေးအမတ် ပြော
DVB
·
February 25, 2020
အသက် ၇၀ ကျော် သူငယ်ပြန်တတ်သည့်အရွယ်များ တိုင်းပြည်ဦးဆောင်နေဟု ကြံ့ခိုင်ရေးအမတ် ပြော
Donate to DVB

အသက် ၇၀ ကျော် သူငယ်ပြန်တတ်တဲ့အရွယ်တွေ တိုင်းပြည်ကိုဦးဆောင်တာဟာ ကမောက်ကမဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု မင်းကင်းမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်  ဦးမောင်မြင့်က လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ 

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးကြရာမှာ ဖွဲ့စည်းပုံ ပုဒ်မ ၅၉  (ဂ) သမ္မတနဲ့ ဒုသမ္မတတွေရဲ့ အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ 

“ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၀ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတာ သဘောတူပါတယ်။ ဒါပေမယ့်ဖြည့်စွက်ချင်တာကတော့ အသက် ၇၀ မကျော်ရဘူးဆိုတဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ life expectancy (လူ့သက်တမ်း)က နိမ့်ပါတယ်။ သူငယ်ပြန်တတ်တဲ့အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီးတော့မှ ကမောက်ကမ မဖြစ်စေရန်အတွက် ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အခြေခံမူ ပုဒ်မ ၆ (စ)နဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာလည်း ဦးမောင်မြင့်က “နိုင်ငံတော်၏ အမျိုးသားနိုင်ငံဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်လို့ ဖော်ပြထားပြီးတော့မှ ဦးထွန်းထွန်းဟိန်ကတော့ ဦးဆောင်မှုနှင့် အစဉ်တစိုက် စာလုံးတွေကို ဖြုတ်ပြီးတော့မှ  ပြည်သူ့ဆန္ဒနှင့်အညီဆိုတာကို ထပ်ဖြည့်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ဦးဆောင်မှုဆိုတာကို ဘာကြောင့်မထည့်စေချင်တာလဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးထက် ပိုမိုပြီးတော့မှ မွန်မြတ်တဲ့ ကျင့်စဉ်တခုပါ။ ဒီလိုခိုင်မာ အားကောင်းတဲ့တပ်မတော်ဟာ ဦးဆောင်မှုနေရာက ပါဝင်သင့်ပါတယ်။ အမျိုးသားရေးကို မိမိလည်းမလုပ်ဘူး၊ သူများလုပ်တာလည်းဖျက်တယ်ဆိုတာ မကောင်းပါဘူး။ အစဉ်တစိုက် စကားလုံးကို ဖြုတ်တာကို ယေဘုယျအားဖြင့် လက်ခံပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒနဲ့အညီဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမှာလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းတာလို့မရတဲ့ဟာကို မထည့်တာဘဲ ကောင်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆန္ဒဟာ ပြည့်သူ့ဆန္ဒလို့ လက်ခံလို့မရပါဘူး။ တိုင်းတာလို့မရတဲ့ဟာကို မထည့်တာဘဲ ကောင်းပါတယ်ခင်ဗျာ။ ” လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ 

ထန်းတပင်မဲဆန္ဒနယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးနေမျိုးထွန်းကတော့ မင်းကင်းအမတ် ဦးမောင်မြင့်ရဲ့ ဆွေးနွေးချက်တွေဟာ အခြားသူကို ပုတ်ခတ်တဲ့ စကား မြောက်မြားစွာပါဝင်ပြီး လွှတ်တော် နည်းဥပဒေနဲ့ မကိုက်ညီတဲ့ အကြောင်း လွှတ်တော်မှာ ကန့်ကွက်ပြောသွားပါတယ်။ 

“ပြည်ထောင်စုလွှတ်တော်ကြီးမှာလည်း ရယ်စရာကောင်းပါတယ်တို့ ဆိုတဲ့စကားရပ်တွေ။ နောက်ပြီးတော့ အသက် ၇၀ ကျော်တဲ့သူတွေ သူငယ်ပြန်တတ်တဲ့အရွယ်၊ ကျနော်တို့ ဒီလွှတ်တော်ထဲမှာလည်း ၇၀ ကျော်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါမျိုးတွေပြောတော့ အသက်ကြီးပိုင်းတွေကို တော်တော်စော်ကားရာ ကျနေပါတယ်။ နောက်တခုက All Inclusive ဆိုတဲ့ စကားကို ဦးထွန်းထွန်းဟိန်က မေ့သွားပြီလား ဆိုတာကတော့ တိုက်ရိုက်လူပုဂ္ဂိုလ်တဦးကို နာမည်နဲ့ ပုတ်ခတ်နေတာပါ။ နာယကကြီးအနေနဲ့ သတိပေးပြီးဖြစ်တဲ့အတွက် (လွှတ်တော်နည်းဥပဒေ) ၂ (ခ)အရ အရေးယူပြီးဆောင်ရွက်ဖို့ပဲ ရှိပါတော့တယ်ခင်ဗျ”လို့  ဦးနေမျိုးထွန်းက ပြောပါတယ်။

လွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ ဆွေးနွေးခဲ့တဲ့စကားတွေထဲက လုံးကောက်ကို ပြန်ဖော်ပြီးတော့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း ၂ ခုအပေါ် ကိုယ်စားလှယ် ၁၄၉ ဦးက ဆွေးနွေးကြမှာဖြစ်ပြီး ဒီကနေ့ ၁၅ ဦး စတင်ဆွေးနွေးခဲ့ကြကာ နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးကြဖို့ ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013