DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လွှတ်တော်၌ ကြံ့ခိုင်ရေးအမတ် ၂ ဦး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ဖြစ်လာ
DVB
·
March 20, 2026
Photo: USDP
Photo: USDP
Donate to DVB

အတုအယောင်ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ်လွှတ်တော်စတင်တဲ့ မတ် ၂၀ ရက်မှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရ လွှတ်တော်အမတ် ၂ ယောက်ဟာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် တင်မြောက်ခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ပထမနေ့ အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက စစ်တွေမြို့နယ် အမှတ် ၂ ပြည်နယ်မဲဆန္ဒနယ်က ဒေါက်တာစန်းရွှေက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီး PR စနစ်နဲ့ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က တက်လာတဲ့ ဒေါက်တာထင်လင်းဦးက ဒုဥက္ကဋ္ဌ ဖြစ်လာတာပါ။

လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ဒေါက်တာစန်းရွှေ တယောက်တည်းသာ ပြိုင်ဘက်မရှိ အမည်တင်သွင်းခဲ့တာလို့ သိရပြီး သူ့ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၁ ယောက်၊ စစ်တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ် ၇ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၈ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လွှတ်တော်သဘာပတိအဖြစ် စစ်တွေမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က အနိုင်ရ လွှတ်တော်အမတ် ဦးနိုင်ဦးကို တင်မြှောက်လိုက်တယ်လို့လည်း သိရပါတယ်။

ဒေါက်တာစန်းရွှေ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတာကြောင့် စစ်ကောင်စီတင်မဲ့ ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်လွှတ်တော် ဒီကနေ့ စတင်ကျင်းပတယ်။ ကြံ့ခိုင်ရေးပါတီက ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစန်းရွှေက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတာ ရှိတယ်။ အစတော့ သူ့ကို ပြည်နယ်ဝန်ကြီးချုပ်အသစ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာ။ အခု သူက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့ ဘယ်သူ့ကို ဝန်ကြီးချုပ်သစ် တင်မြှောက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနိုင်ရ ကြံ့ဖွတ်အမတ်တွေကိုပဲ တင်မှာလား၊ တခြား ရခိုင်အခြေစိုက်ပါတီတွေက အမတ်တွေကို တင်မှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။”

စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာသာ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ကျန်မြို့နယ် ၁၄ ခုမှာ ပြည်နယ်အမတ်တွေကို PR စနစ်နဲ့ ရွေးချယ်တင်မြှောက်ထားတာ ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့နယ်တို့လောက်ပဲ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013