
နိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတရုံးက အသိအမှတ်မပြုထားတဲ့ အတုအယောင် သမ္မတရုံး လက်အောက်ခံ အစိုးရဌာန တခုကို တရားမဝင် တည်ထောင်ပြီး သူ့ကိုယ်သူလည်း ဌာနအကြီးအကဲ ဟန်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား တယောက်ကို စက်တင်ဘာ ၃၀ ရက် မှာ စွဲချက် ၈ ခု နဲ့ အဘူဂျာတရားရုံးမှာ တရားစွဲခဲ့ပါတယ်။
ဒီအမှုဟာ နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတွေကို ကြပ်မတ်ရာမှာ အားနည်းချက်တွေ ရှိနေတယ် ဆိုတာ ကို ပေါ်လွင်နေပါတယ်။
အစိုးရရှေ့နေတွေက အဒီနီယီ အဒီယေမီဟာ ၂၀၂၄ ခုနှစ်ကတည်းက “သမ္မတရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကောင်စီ (PFIPC)” ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် အယောင်ဆောင်ခဲ့တယ်လို့ ပြောကြားလိုက်ပြီး အဲဒီ PFIPC အေဂျင်စီကို တည်ထောင်ထားတာ လည်း မရှိသလို၊ သူ့ကိုလည်း ဦးဆောင်ခွင့် မပြုထားဘူး လို့လည်း ဆိုပါတယ်။
အဒီယေမီဟာ အဲဒီအတုအယောင် အေဂျင်စီအတွက် ဖက်ဒရယ်အတွင်းဝန်ရုံးမှာ ရုံးခန်းနေရာ တောင်းခံဖို့၊ ဝန်ထမ်းတွေ ခန့်အပ်တာဝန်ပေးဖို့နဲ့ အစိုးရဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့အတွက် သမ္မတရုံးရဲ့ ခေါင်းစဉ်ပါ စာရွက်စာတမ်းတွေကို အသုံးပြုခဲ့တယ်လို့ အစိုးရရှေ့နေတွေ က ဆိုပါတယ်။
အဲဒီအေဂျင်စီ အတုအတွက် ဒီနှစ်မှာ ဒေါ်လာ ၁ သန်းနီးပါး ဘတ်ဂျက် ခွဲဝေမှုကိုလည်း ရယူကာ နိုင်ဂျီးရီးယားဗဟိုဘဏ်မှာလည်း အကောင့်ဖွင့်ဖို့ ကြိုးစားခဲ့သေးတာမှာ တခြား အစိုးရဌာနတချို့က လည်း အစစ်အမှန်လို့ ထင်မှတ်ပြီး တောင်းဆိုချက်တွေကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဖက်ဒရယ်မြို့တော် အဘူဂျာက တရားရုံးတော်မှာ ရုံးထုတ်စစ်ဆေးချိန်မှာ အစိုးရရှေ့နေတွေက အမှုတွဲ ၈ ခုနဲ့ စွဲချက်တင်ခဲ့ပြီး အဒီယေမီက စွဲချက်အားလုံးအတွက် သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
အဒီယေမီကို အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမတိုင်ခင်အထိ အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ခံထားရပါတယ်။ အစိုးရရှေ့နေတွေဟာ အဒီယေမီ နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဘယ်အစိုးရအရာရှိကိုမှ တရားမစွဲထားပါဘူး။
အဒီယေမီဟာ တရားရုံးကို လာရောက်ဖို့ ၅ ကြိမ်တိုင်တိုင် ပျက်ကွက်ခဲ့လို့ တရားသူကြီးက ဖမ်းဝရမ်း ထုတ်ပြီးနောက် အနောက်တောင်ပိုင်း အိုဆွန် ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဒီယေမီ ကတော့ ဒေသတွင်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ PFIPC ဟာ အစစ်အမှန် အစိုးရဌာနတခု ဖြစ်တာကြောင့် အစိုးရရဲ့ ငွေသုံးစွဲမှုအစီအစဉ်ထဲမှာ ပါဝင်လာဖို့ ဘတ်ဂျက်အရာရှိ တွေကို သူကိုယ်တိုင် ချဉ်းကပ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Source:Reuters










