မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူ ရုတ်တရက် တပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေထဲမှာ ကူးစက်ဖြစ်ပွားနိုင်တာကြောင့် ပွဲလမ်းသဘင်၊ လူစုလူဝေးတွေကို ရှောင်ကြဉ်ပြီး ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုရိုနားဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီ ၂၃ ရက် ညက အများပြည်သူတွေထံ ပန်ကြားချက် ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ (COVID-19) ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးပေမယ့် တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေ ဆက်လက်မြင့်မားနေတယ်၊ COVID-19 ရောဂါလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံတွေကို လတ်တလောသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်စတဲ့ သိသာထင်ရှားတဲ့ အထောက်အထား မတွေ့ရှိရသူတွေလည်း ရောဂါကူးစက်ခံရမှုတွေရှိနေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူတွေအနေနဲ့ အခုကာလအတွင်း လူစုလူဝေးများပြားရာနေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့နဲ့ မဖြစ်မနေကျင်းပရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပွဲလမ်းသဘင်တွေကို မဖြစ်မနေကျင်းပရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်တွေကို တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။










