DVB Logo
Home
မြန်မာသတင်း
သင်္ဘောများဖြင့်တင်လာသည့် ပြည်သူ့စစ်မှုထမ်းများကို ဗန်းမော်စစ်မျက်နှာသို့ပို့
DVB
·
September 19, 2026
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၈ သင်တန်းဆင်းပွဲ (Photo : မြဝတီ)
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၈ သင်တန်းဆင်းပွဲ (Photo : မြဝတီ)
Donate to DVB

ရွှေကူကနေ ဗန်းမော်အထိ ဆန်တက်လာတဲ့ သင်္ဘောတွေပေါ်မှာ အတင်းအဓမ္မ စုဆောင်း ခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းလူငယ်တွေလည်း ပါဝင်နေပြီး တိုက်ပွဲတွေမှာ ထည့်သွင်း အသုံးပြု ခံနေရတာကြောင့် ထိခိုက်ကျဆုံးသူတွေထဲမှာလည်း ပြည်သူ့စစ်မှုထမ်းတွေ ပါဝင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ကိုထိန်းချုပ်နိုင်ရေးအတွက် စစ်အာဏာရှင်တပ်ဟာ ရွှေကူကနေဗန်းမော်ဘက်ကို လူ၊ လက်နက်နဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေပို့ဆောင် စစ်အင်အား ဖြည့်တင်း နေတာပါ။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “နှစ်ဖက်ဖြစ်တဲ့တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီရဲ့ ပစ အင်အားက ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းကတော့ မလျော့ဘူး။ အဲဒီဝန်းကျင်ပါမယ်။ အခုတလောဖြစ်နေတဲ့ တိုက်ပွဲမှာဆိုရင် စကစဘက်က သေတာဆိုရင်လည်း ရွှေကူတကြော ဇင်းဘုံအထိဆိုရင် ဒီလထဲမှာပဲ စစ်ကောင်စီတပ်သားတွေ ၃၀၀ လောက်သေတယ်။ စင်ခန်းကနေ ဗန်းမော်ကြားဆိုရင်လည်း ၃၀၀ ပတ်လည်ပဲ။ ဆိုတော့ စစ်ကောင်စီတပ်သားတွေ သင်္ဘော တက်တဲ့အချိန်မှာ ထိခိုက်သေဆုံးတာ များတယ်။ အဲဒီအထဲမှာဆိုရင် အများဆုံးကတော့ ပစပေါ့။ ပြည်သူ့စစ်မှုထမ်းထဲပါလာတဲ့ တပ်သားတွေအများစု သေဆုံးတာတွေ့ရတယ်။ ဖမ်းခံရတဲ့သူတွေ ထဲမှာဆိုရင်လည်း ပစတွေ အများကြီးပါတာ တွေ့ရတယ်”

ရွှေကူ–ဗန်းမော် လမ်းကြောင်းတလျှောက် စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းမှာ ပြည်သူ့ စစ်မှုထမ်း ဘယ်လောက်ပါဝင်တယ်၊ တိုက်ပွဲတွေမှာ ဘယ်လောက်ထိခိုက် ကျဆုံးတယ်ဆိုတာကို အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စက်တင်ဘာ ၂ ရက်နေ့က ရွှေကူကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်သင်္ဘောရေယာဉ်အုပ်စုကို စင်ခန်းတံတားအနီးမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ ပြီးနောက် စစ်သင်္ဘောတချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သုံ့ပန်း ၁၅၁ ယောက် ဖမ်းဆီးရမိခဲ့တဲ့အထဲ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ အသက် ၁၆ ကနေ ၃၀ ကြား လူငယ် ၃၄ ယောက်လည်း ပါဝင်တယ်လို့ KIA က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က ဗန်းမော် ခလရ ၄၇ တပ်ရင်းကထွက်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေကိုလည်း ကောင့်ဂျာယန်မှာ KIA ပူးပေါင်းတပ်တွေ ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “အခု ဗန်းမော်ကိုတက်လာတဲ့ စကစ သင်္ဘောမှာဆိုရင် ဦးစီးအရာရှိတို့၊ ရေတပ်ကလွဲရင် အကုန်လုံး ပစတွေလို့ ပြောလို့ရတယ်။ သင်္ဘောပေါ်ကနေ ပါလာတဲ့ အင်အား ၈၀၀ ထဲမှာဆိုရင် ပစ အင်အားက ၇၀၀ နီးပါးပါတာကို တွေ့ရတယ်။ ပြီးတော့ တိုက်ပွဲတွေဖြစ်တယ်တောက်လျှောက်၊ အဲဒီထဲမှာဆိုရင်လည်း ထိခိုက်သေဆုံးများတာ ပစတွေ များတယ်။ ပြီးရင် စစ်တပ်ရဲ့အဓိကအခြေခံအကျဆုံးအဖွဲ့ တပ်စိတ်တစိတ်မှာဆိုရင်တောင် ၁၀ ယောက်မှာ ၈ ယောက်လောက်ကတော့ ပစတွေ ပါနေတာ တွေ့ရတယ်။ အဲလို အခြေအနေမှာဆိုရင် တပ်စိတ်မှူးကလွဲရင် အကုန်လုံးကတော့ ပစတွေပဲ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲမှာ စစ်ရေးအထိနာ ရှုံးနိမ့်ခဲ့တဲ့ စစ်အာဏာရှင်တပ်ဟာ အင်အားချိနဲ့နေတဲ့ တိုက်ခိုက်ရေးအင်အားကိုဖြည့်တင်းဖို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ပြည့်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ရေးအခင်းအကျင်း အရွေ့သစ်တခုကို ဖော်လာခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာ စစ်အာဏာရှင်တပ်ဟာ လစဉ်ပျမ်းမျှ စစ်မှုထမ်း တပ်သား ၅,၀၀၀ နီးပါးနဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာတင် စစ်မှုထမ်းတပ်သားအင်အား ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့တယ်လို့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ချက်ထားပါတယ်။

စစ်မှုထမ်းဥပဒေအသက်သွင်းပြီး ၂ နှစ်ကျော်အကြာ ၂၀၂၆ စက်တင်ဘာ ဒုတိယပတ်အထိ စစ်မှုထမ်းအပတ်စဉ် ၂၈ အထိ သင်တန်းသားခေါ်ယူထားပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေပြီး အများစုကတော့ စစ်ရေးပြင်းထန်တဲ့‌ ဒေသတွေကို စေလွှတ်ခံနေတာ ဖြစ်ပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “ပစတွေကို ဘာပြောချင်လဲဆိုရင် ပစကတော့ အများဆုံး ၂ နှစ်နဲ့တန်အောင်တော့ခိုင်းမှာပဲ စစ်တပ်က။ ပြီးတော့ ဒီလိုမြို့ပေါ်မှာဆိုရင်လည်း ပေါ်တာဆွဲ နေတာတွေလည်း အားလုံးသိနေတာ။ အခုဆို ၂ နှစ်လည်း ကျော်လာပြီ။ ပြေးလမ်းတွေ၊ လွတ်လမ်းတွေ၊ လက်နက်ချရင် ဘယ်လိုခံစားခွင့်ရှိမယ်ဆိုတာ အားလုံးအသိပဲ။ အဲဒါကြောင့် ပစထဲမရောက်ခင် ပေါ်တာထဲမရောက်ခင် အဲလိုအခြေအနေမှာ ကြိုတင်ပြီးလုပ်စေချင်တယ်။ တိုက်ပွဲဖြစ်မှ လက်နက်ချတာမျိုး ဆိုရင်တော့ အခွင့်အရေးတွေ သိပ်မရှိတော့ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ခေါ်ယူချိန်ကတည်းက ကာလတို သင်တန်းတွေပေးပြီး ရှေ့တန်းကိုလွှတ်ခဲ့တယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက် ရုပ်သံမှတ်တမ်းတွေလည်း ရှိနေပါတယ်။

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာပြီးနောက် လူငယ်တွေကို အတင်းအကျပ် ခေါ်ယူတာ၊ လမ်းပေါ်နဲ့ နေအိမ်တွေကနေ ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။

Human Rights Watch ရဲ့ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ လူငယ်တွေကို ပြန်ပေးဆွဲသလို ဖမ်းဆီးခေါ်ဆောင်တာနဲ့ ပျောက်ဆုံးနေတဲ့စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013