DVB Logo
Home
မြန်မာသတင်း
အချက်အလက် မမှန်သည့် ဆင်းမ်ကတ်များကို ဇွန် ၃၀ ရက်နောက်ဆုံးထား ပိတ်သိမ်းမည်
DVB
·
February 23, 2020
အချက်အလက် မမှန်သည့် ဆင်းမ်ကတ်များကို ဇွန် ၃၀ ရက်နောက်ဆုံးထား ပိတ်သိမ်းမည်
Donate to DVB

အစိုးရ အသိအမှတ်ပြုကတ်တခုခုနဲ့ ဆင်းမ်ကတ် ၂ ခုပဲ မှတ်ပုံတင်ဖို့နဲ့ အချက်အလက် မမှန်တဲ့ ဆင်းမ်ကတ်တွေကို ဇွန် ၃၀ ရက်နောက်ပိုင်းမှာ အပြီးပိတ်သိမ်းတော့မယ်လို့ အစိုးရက ကြေညာပါတယ်။

သုံးစွဲသူတွေအနေနဲ့ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာတွေက ဆောင်ရွက်ပေးနေတဲ့ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေနဲ့ မိမိသုံးစွဲနေတဲ့ ဆင်းမ်ကတ်တွေဟာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်ပုံတင်ထားတာ မှန်၊ မမှန် စစ်ဆေးပြီး မမှန်ဘူးဆိုရင် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာတွေရဲ့ အွန်လိုင်းဝန်ဆောင်မှုနဲ့ဖြစ်ဖြစ်၊ အရောင်းဆိုင်တွေမှာ ဖြစ်ဖြစ် သတ်မှတ်နည်းလမ်းတွေနဲ့ လာမယ့် ဇွန် ၃၀ ရက်နောက်ဆုံးထား မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်လိုက်တာပါ။

ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာတွေကလည်း လွယ်ကူအဆင်ပြေစေရေး ဆောင်ရွက်ပေးကြမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တည်ဆဲဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ် ဒါမှမဟုတ် အဲဒီလက်မှတ်ရဲ့ အမှတ်ပါတဲ့ အသိအမှတ်ပြုကတ်တခုခုနဲ့ ၂ ကတ်ထက်ပိုပြီး မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေ၊ အချက်အလက် မမှန်ဘဲ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို လာမယ့် ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ မှတ်ပုံတင်ရေး ကိစ္စတွေ စုံစမ်းနိုင်ဖို့ Call Center ကိုခေါ်တာကလွဲပြီး အထွက်ခေါ်တာကို ပိတ်မယ်လို့ ဆိုပါတယ်။ ဇွန် ၃၀ ရက်နောက်ပိုင်းမှာတော့ အပြီးပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ ကိုယ်သုံးနေတဲ့ ဆင်းမ်ကတ်ဟာ ကိုယ့်ရဲ့နာမည်၊ အချက်အလက်တွေ မှန်၊ မမှန်ကို သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာတွေရဲ့ အရောင်းဆိုင်တွေ၊ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေသုံးပြီး စစ်ဆေးတာ၊ မှတ်ပုံတင်တာတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းကို သုံးပြီး ငွေပေးငွေယူကိစ္စလုပ်တာတွေ ပိုတိုးတက်လာတာနဲ့အမျှ လုံခြုံစိတ်ချပြီး ဆောင်ရွက်နိုင်ဖို့နဲ့ ဆက်သွယ်ရေးကွန်ရက်ကိုသုံးပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လျှော့ချနိုင်ဖို့၊ ဖုန်းသုံးစွဲသူတွေက ကိုယ်ရဲ့ဖုန်းနဲ့ဆောင်ရွက်တာကို တာဝန်ခံနိုင်စေဖို့ အတွက်ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီအတွက် ၂၀၁၄ ခုနှစ်မှာ ဆင်းမ်ကတ်မှတ်ပုံတင်တာနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်ပြီး စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာတွေကို အကြိမ်ကြိမ် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်နေ့အထိ မှတ်ပုံမတင်ခဲ့တဲ့ ဆင်းမ်ကတ် ၆၅ သိန်းလောက်ကို အပြီးပိတ်သိမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလကစပြီး နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် အသိအမှတ်ပြုကတ်ပြားတခုနဲ့ ဆင်းမ်ကတ် ၂ ခုပဲ မှတ်ပုံတင်ရောင်းချဖို့ ညွှန်ကြားခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပိုပြီးမှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေဟာ အမ်ပီတီမှာ ၁၂ ဒသမ ၉၅ သန်းလောက်၊ မိုင်တဲမှာ ၄ ဒသမ ၆ သန်းလောက်၊ အူရီဒူးမှာ ၄ ဒသမ ၆ သန်းလောက်နဲ့ တယ်လီနောမှာ ၆ သန်းကျော်၊ စုစုပေါင်း ၂၈ ဒသမ ၂ သန်းလောက်ရှိနေတယ်လို့ ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ထားပါတယ်။

မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အော်ပရေတာ ကုမ္ပဏီ ၄ ခုကို ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာခဲ့တဲ့အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အမေရိကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်တပ် အရေးယူခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013