
ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)လုပ်ရာမှာ ပွဲစား ကတဆင့် စစ်အာဏာရှင်လက်အောက်ခံ လဝကဝန်ထမ်းတွေကို ကျပ် ၇ သိန်းအထိ လာဘ်ငွေ ပေးပြီး လုပ်နေကြရတယ်လို့ ရန်ကုန်ရောက် ရခိုင်တွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်လာတဲ့သူတွေနဲ့ ကျောင်းသားတွေအတွက် မှတ်ပုံတင်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က လဝကရုံးမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး မှတ်ပုံတင်တခုကို ကျပ်ငွေ အနည်းဆုံး ၂ သိန်းကနေ ၇ သိန်းအထိ တောင်းခံနေကြတာလို့ မှတ်ပုံတင်ပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်တယောက်က ပြောပါတယ်။
“ရန်ကုန်ကို ရောက်နေတဲ့ ရခိုင်စစ်ရှောင်တွေ၊ ကျောင်းသားတွေ မှတ်ပုံတင်လုပ်ရင် အနည်းဆုံး ကျပ်ငွေ ၂ သိန်းကနေ ၇ သိန်းအထိပေးရတယ်။ ကိုယ်တိုင်သွားလုပ်သူနဲ့ ပွဲစားနဲ့ လုပ်သူကတော့ ဈေးကွာကြတယ်။ ကိုယ်တိုင်သွားလုပ်ရင် အနည်းဆုံး ၂ သိန်းကနေ ၂ သိန်းခွဲအထိ ပေးရပြီးတော့ ပွဲစားတွေနဲ့ သွားလုပ်သူတွေဆိုရင် ၅ သိန်းကနေ ၇ သိန်းလောက်အထိ ပေးရသူတွေရှိတယ်။ ငွေမရှိရင် မှတ်ပုံတင် မလုပ်နိုင်တော့တဲ့ ခေတ်ဖြစ်သွားပြီ။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ လည်း မှတ်ပုံတင်မရှိဘဲ နေလို့မရတော့ မှတ်ပုံတင်ကတော့ ရှိတာနဲ့ လုပ်ကြရတာပဲ” လို့ ပြောပါတယ်။
ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားဖို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်း တွေ ပါမှရရှိသလို ခရီးသွားလာရာမှာလည်း မှတ်ပုံတင်မပါရင် စစ်တပ်ရဲ့ ဖမ်းဆီးခံရတာကြောင့် မှတ်ပုံတင်က မရှိမဖြစ် လုပ်ကြရတယ်လို့ ရန်ကုန်ရောက် ရခိုင်လူငယ်တွေက ပြောပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုအတွက် မှတ်ပုံတင်တွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်လဝက ရုံးမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ရာမှာလည်း လဝကဝန်ထမ်းတွေရဲ့ ရက်ရွှေ့မှုတွေကြောင့်လည်း ခရီးစရိတ်တွေ ကုန်ကျမှုများပြားတာနဲ့ ရင်ဆိုင် နေကြရတယ်လို့ မှတ်ပုံတင်လုပ်ခဲ့သူတွေက ပြောကြပါတယ်။
ရခိုင်တိုက်ပွဲတွေကြောင် ရန်ကုန်မြို့ကို စစ်ဘေးရှောင်နေကြသူ သိန်းနဲ့ချီရှိနေကြပြီ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ဧည့်စာရင်းတိုင်းရတာ၊ မှတ်ပုံတင်ပြုလုပ်ရ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်စစ်ရှောင်တွေက ပြောပါတယ်။
မှတ်ပုံတင်ပြုလုပ်ခ စရိတ်တွေကြီးမားတာတွေကြောင့် စစ်ဘေးရှောင် ရခိုင်မိသားစုတွေနဲ့ ကျောင်းသားတွေမှာ ငွေကြေးအခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နောက်ထပ် ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတယောက်က ပြောပါတယ်။
“မှတ်ပုံတင်တခုကို လူကိုယ်တိုင် သွားလုပ်တာတ အနည်းဆုံး ၂ သိန်းကနေ ၃ သိန်းအထိ ပေးရတော့ သာမန်စစ်ရှောင်တွေနဲ့ ကျောင်းသားတွေဆို ဘယ်လိုမှ မတတ်နိုင်ဘူး။ တနေ့စာ တနေ့ရုန်းကန် နေရချိန်မှာ မှတ်ပုံတင် လုပ်ဖို့ ဆိုတာ မလွယ်ဘူး။ နောက် လဝကရုံးသွားရတာလည်း ၁ ရက် ၂ ရက် နဲ့ မရတော့ အလုပ်တွေ ဖျက်ပြီး သွားရတာကလည်း ဝင်ငွေတွေကို ထိတော့ မိသားစုစားဝတ်နေရေး ကိုပါ ထိတယ်။ ကျမတို့ကတော့ သာမန်စစ်ရှောင်တွေ မှတ်ပုံတင်ပြုလုပ်နိုင်အောင် တာဝန်ရှိသူတွေ ကို ပြုလုပ်ပေးစေချင်တယ်။”
ရန်ကုန်မြို့တွင် ရခိုင်မှတ်ပုံတင်လုပ်ရာမှာ လဝကဝန်ထမ်းတွေနဲ့ ပွဲစားတွေ ပေါင်းပြီး ငွေတောင်း နေကြတာလို့ မှတ်ပုံတင်လုပ်ခဲ့ကြသူတွေက ပြောပါတယ်။
စစ်အာဏာရှင်က မှတ်ပုံတင်လုပ်ရာမှာ ငွေကြေးတောင်းခံတဲ့ လဝကဝန်ထမ်းတွေကို အချက်အလက်တွေနဲ့တကွ တိုင်းတန်းနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ ထိထိရောက်ရောက် အရေးယူနိုင်တာမျိုး မရှိသေးဘူးလို့ မှတ်ပုံတင်လုပ်ခဲ့သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီ မြို့နယ်တွေက ဌာနဆိုင်ရာတချို့ကို စစ်တွေနဲ့ ရန်ကုန်ဘက်ကို စစ်အာဏာရှင်က ရွှေ့ပြောင်း ထားတာဖြစ်ပါတယ်။











