
ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ပြည်သူတွေ အရေးပေါ်ရိက္ခာတွေ ကြိုတင်စုဆောင်းထားဖို့ အစိုးရတွေက နှိုးဆော်နေကြပါတယ်။
အခုတလော မြန်မာနဲ့ ထိုင်းလူမှုကွန်ရက်တွေမှာလည်း စစ်ပွဲအတွက် ပြင်ဆင်နေကြပြီ၊ ရိက္ခာတွေ အမြန်ဝယ်စုဖို့ လိုနေပြီဆိုတဲ့ သတင်းတွေရော၊ ချဲ့ကားပြောဆိုမှုတွေ၊ ကောလာဟလတွေပါ ပျံ့နှံ့နေပါတယ်။
ဒီသတင်းတွေမှာ အမှန်တပိုင်း ပါဝင်ပေမဲ့ အရေးကြီးတဲ့ နောက်ခံအကြောင်းအရာတွေ ကျန်နေပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာ ဗြိတိန်အစိုးရက Be Ready လို့ခေါ်တဲ့ အရေးပေါ်ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှုတခု စတင်ခဲ့ပါတယ်။
မုန်တိုင်း၊ ရေကြီးမှု၊ ဆိုက်ဘာတိုက်ခိုက်မှုတို့ကြောင့် ရေ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ပြတ်တောက်သွားရင် အနည်းဆုံး ၃ ရက်လောက် ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။
ဒီလိုပြင်ဆင်တာ ဗြိတိန်တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အမေရိကန် Newsweek မဂ္ဂဇင်းကလည်း အောက်တိုဘာ ၂၉ ရက်မှာ အရေးပေါ်ရိက္ခာပြင်ဆင်ဖို့ တိုက်တွန်းနေတဲ့ ကမ္ဘာ့နိုင်ငံတွေကို မြေပုံနဲ့ ဖော်ပြခဲ့ပါတယ်။
ပြင်သစ်မှာလည်း အရေးပေါ်အခြေအနေ ရောက်လာမှ မစောင့်ဘဲ အခုကတည်းက ပြင်ဆင်ထားကြဖို့ တိုက်တွန်းနေပါတယ်။
ဥရောပသမဂ္ဂက ၂၀၂၅ ခုနှစ် မတ်လကတည်းက ၃ ရက်စာ ပြင်ဆင်ဖို့ အကြံပြုခဲ့သလို ဂျပန်၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေကလည်း ၃ ရက်စာ၊ ဆွီဒင်နဲ့ နော်ဝေက ၇ ရက်စာ၊ ဂျာမနီကတော့ ၁၀ ရက်စာအထိ အကြံပြုထားပါတယ်။
အဓိကကတော့ သောက်ရေ၊ ချက်ပြုတ်စရာမလိုတဲ့ အစားအသောက်၊ လိုအပ်တဲ့ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီး၊ ဘက်ထရီ၊ Power Bank၊ ရေဒီယိုနဲ့ ငွေသားအနည်းငယ်တို့ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ လမ်းညွှန်ချက်အရ လူတယောက်အတွက် တနေ့ကို သောက်ရေ ၃ လီတာလောက် ပြင်ဆင်ထားဖို့ အကြံပြုထားပါတယ်။နိုင်ငံအလိုက် ရက်အရေအတွက် ကွာခြားတာကလည်း မြောက်ဥရောပရဲ့ ဆောင်းရာသီ၊ ဗြိတိန်ရဲ့ ရေကြီးမှုနဲ့ ဂျပန်ရဲ့ ငလျင်အန္တရာယ်လို ဒေသအလိုက် ရင်ဆိုင်ရနိုင်တဲ့ ဘေးအန္တရာယ်တွေ မတူကြလို့ ဖြစ်ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေလည်း တကယ်ဖြစ်ပွားနေပါတယ်။ အောက်တိုဘာ ၁၂ ရက်က ပြင်သစ်မှာ စူပါမားကက် ရာနဲ့ချီရဲ့ ရေခဲသေတ္တာအပူချိန်ကို ဟက်ကာတွေက ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြှင့်တင်ခဲ့တာကြောင့် အစားအသောက် အမြောက်အမြား စွန့်ပစ်ခဲ့ရပါတယ်။
တဖက်မှာလည်း ရုရှားနဲ့ ယူကရိန်းစစ်ပွဲအပြင် ဥရောပရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အစိုးရတွေက ပြည်သူတွေရဲ့ ကြိုတင်ပြင်ဆင်မှုကို ပိုအလေးထားလာကြပါတယ်။
တကယ်တော့ ဗြိတိန်မှာ ဒီလိုလမ်းညွှန်ချက်တွေ ၂၀၂၄ ခုနှစ်ကတည်းက ရှိခဲ့ပြီး တခြားနိုင်ငံတွေမှာလည်း အရင်ကတည်းက ကျင့်သုံးနေကြပါတယ်။
ဒါကြောင့် အစိုးရတွေကလည်း ပြည်သူတွေကို အထိတ်တလန့် ဝယ်ယူစုဆောင်းတာမျိုး မလုပ်ဘဲ အိမ်မှာရှိပြီးသား ပစ္စည်းတွေကို စစ်ဆေးပြီး လိုအပ်တာတွေ ဖြည်းဖြည်းချင်း ဖြည့်ဆည်းထားဖို့ အကြံပြုပါတယ်။
အနှစ်ချုပ်ပြောရရင် ၃ ရက်စာ ၇ ရက်စာ ရိက္ခာပြင်ဆင်ထားဖို့ တိုက်တွန်းတာဟာ မနက်ဖြန် သန်ဘက်ခါ စစ်ကြီးဖြစ်တော့မယ်လို့ သတိပေးနေတာ မဟုတ်ပါဘူး။
သဘာဝဘေး၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ စစ်ပွဲ အပါအဝင် ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ပုံမှန်ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။











