DVB Logo
Home
Lead Story
ခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ….
DVB
·
February 21, 2020
ခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ….
Donate to DVB

“ခွက်စုတ်ကြီးနဲ့ပက်တာလောက်တော့ ရီတာပေါ့..ရီတာပေါ့”လို့ ဆိုပေမယ့် မရယ်မပြုံးနိုင်တာက ကျနော်နဲ့ လာကြည့်သူပရိတ်သတ်ပါ။

 ၂၀၂၀ ဖေဖော်ဝါရီ ၁၇ ရက်ညနေ။  “ဒေါင်းမျိုးဆက်သံချပ်အဖွဲ့” သံချပ်အဖွဲ့ဝင် မျိုးဆက်သစ်လူငယ် သုံးဦးကို   တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲပြီး ပြစ်ဒဏ် ၆ လချမှတ်လိုက် ပြန်ပါတယ်။

အချုပ်ကားပေါ်မှာတော့ ကလေးတွေမျက်နှာက အရီမပျက်။ အပြုံးမပျက်ကြ။   တချို့ကလေးတွေက မရမ်းကုန်းတရားရုံးမှာလည်း ပုဒ်မ ၅၀၅(က)နဲ့ ၂၀၁၉အောက်တိုဘာလထဲမှာ ထောင်တနှစ်အချခံ ထားရသေးတယ်။ ‘ပန်းကောင်းအညွှန့်ချိုး’။ မိဘချင်း ကိုယ်ချင်းစာမိတာအမှန်ပါ။    

တကယ်တော့ ‘သံချပ်’ဆိုတာပြည်သူ့မီဒီယာ၊ ပြည်သူ့အသံဖြစ်သလို စုပေါင်းသံပြိုင်ဟစ်ဆိုခွင့်ရတဲ့ ကဗျာအနုပညာရပ်။ မြန်မာစာပေလောကထဲ ဘယ်အချိန်က ရောက်လာသလဲဆိုတာခန့်မှန်းရန်မလွယ်ပေမယ့် ဗမာဘုရင်တွေ  လက်ထက်ကတည်းကရောက်ရှိခဲ့တာပါ။ “သံချပ်၏ မူလအစမှာ ယိုးဒယားသီချင်းကြီးများအကြား အမည်မတူသည့်သီချင်နှစ်ခုကြားတွင် ချပ်ညှပ်၍ သီဆိုခြင်းမှစခဲ့သည်”လို့ ဆရာကြီးဦးတင့်ဆွေရဲ့ ‘ကျောင်းသုံးကဗျာဖွဲ့နည်းနိ ဿရည်း’မှာဖေါ်ပြပါတယ်။

အရှင်ကုမာရရဲ့ ကဗျာအုတ်မြစ်စနစ်သစ် ကဗျာဖွဲ့နည်း’မှာတော့ “အသံချပ်မှ သံချပ်ဖြစ်လာသည်။ ယိမ်းချင်း၊ နတ်ချင် အစရှိသောသီချင်းသံတို့၏ကြားဝယ် ချပ်ညှပ်၍တိုင်ကာဖောက်ကာ သီဆိုရသောသီချင်းသံမျိုးကို သံချပ် ဟုခေါ်သည်’လို့ဖွင့်ဆိုပါတယ်။ သံချပ်ဟာ ကဗျာပုံသဏ္ဌန်အမျိုးအစားတခုဖြစ်တယ်။ ဒါကြောင့်မြန်မာ အဘိဓာန်ကလည်း “အိုးစည်ဒိုးပတ်ဝိုင်းတွင် အတိုင်အဖောက် သီဆိုရသောကဗျာတမျိုး”လို့ ဖွင့်ဆိုခဲ့ဟန်ပါ။ သံချပ်ယဉ်ကျေးမှုဟာ ဗမာဘုရင်လက်ထက်ကတည်းကရှိခဲ့သလို မြန်မာကျေးတောနေ လူ့အဖွဲ့အစည်းရဲ့ ပွဲလမ်းသဘင်တွေမှာလည်း လက်တန်းစပ်ဆိုသီဆိုခဲ့ကြတာကိုတွေ့ရပါတယ်။

ဒါကြောင့်မြန်မာ့လူ့အဖွဲ့အစည်းမှာ သံချပ်ယဉ်ကျေးမှုဟာ ကဏ္ဍတရပ်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ အရပ်ထဲပွဲ လမ်းသဘင်တွေမှာ အပျော်သဘောနဲ့ တဦးကိုတဦး လှောင်ပြောင်သရော်ကြရာက လူမှုအဖွဲ့အစည်းရဲ့ အဆီအ ငေါ်မတည့်တာတွေ၊ အမြီးအမောက်မတည့်တဲ့ အုပ်ချုပ်သူလူတန်းစားရဲ့လုပ်ရပ်တွေ၊ ဟာကွက်တွေကို သရော်စာ ကဗျာအဖြစ် သံချပ်ဟာ ထွက်ပေါ်လာခဲ့တာ။ 

နိုင်ငံရေးလူမှုရေး သရော်စာသံချပ်အဖြစ် စတင်ရောက်ရှိခဲ့တာက ၁၃၀၀ ပြည့်အရေးတော်ပုံကာလက ထိုးတဲ့သံချပ်မှာ မြန်မာမိန်းကလေးတွေကို ပညာပေးသရော်တဲ့စာသားတွေပါခဲ့တယ်။ နိုင်ငံရေး၊လူမှုရေးသရော်စာကဗျာအဖြစ် မြန်မာ့ပွဲလမ်းသဘင်ပေါ်ကို အဲ့ဒီအချိန်ကစလို့ရောက်လာခဲ့တယ်လို့  ယူသော်ရနိုင်ပါတယ်။

နောက်ပိုင်း သင်္ကြန်ပွဲတော်ရဲ့စင်မြင့်ဖျော်ဖြေပွဲပေါ်ရောက်လာခဲ့တယ်။ သံချပ်ကိုလူအများဝိုင်းအုံနားထောင်ကြပြီး တိုင်းပြည်မှာပြုပြင်စရာရှိတာတွေကို ခံသာအောင် ဟာသစွက်လှောင်ပြောင်သရော်ပြီးထောက်ပြခဲ့ကြတယ်။  ရယ်ရင်းမောရင်း ဟာသဉာဏ်မြောက်တဲ့ “အကျိုးပြု၊သတိပေး၊လှုံ့ဆော်”တဲ့ သရော်စာကဗျာ အဖြစ်မြန်မာတို့ အသိမှတ်ပြုနားလည်ပေးခဲ့ကြတယ်။ ဒီလိုနဲ့မြန်မာသံချပ်ယဉ်ကျေးမှုဟာ မြန်မာ့သင်္ကြန်မှာ နေရာယူလာခဲ့ကြတာ။ 

သံချပ်စပ်ဆိုရာမှာလည်း အတိုင်အဖောက်တစုံစီပါရတယ်။ အင်းလေး တိုက်တေးကဗျာဟန်ပါပဲ။ ထူးတာက ရှေးစပ်နည်းမှာ အတိုင်ပိုဒ်မှာ ၇လုံးခံပြီး အဖာက်ပိုဒ်မှာ ၇ လုံး ဒါမှမဟုတ် ၈ လုံးအုပ်ပေးရတယ်။ ကာရံယူတာကြတော့ ၇-၃။ ၇-၄ပေါ့။ ခေတ်တွေပြောင်းလာတာနဲ့အတူ ကာရံယူပုံတွေ အခံအအုပ်တွေလည်းပြောင်းလာခဲ့တာပဲ လေ။ သူ့ခေတ်နဲ့သူ့ကာလပေကိုး။

  ခေတ်အဆင့်ဆင့်ကိုဖြတ်သန်းလာခဲ့တာ မဆလခေတ်မှာလည်း သင်္ကြန်နဲ့သံချပ်ဟာ ခေါင်းနဲ့ပန်းလိုပဲခွဲမရခဲ့ ဘူး။ သင်္ကြန်ရောက်တိုင်း သံချပ်အဖွဲ့တွေထွက်ပေါ်လာသလို အဲဒီသံချပ်အဖွဲ့တွေအတွက် ဆုပေးမဏ္ဍပ်တွေလည်း ရှိခဲ့တယ်။ ဆုပေးအဖွဲ့တွေကလည်း မြို့နယ်တိုင်းလမ်းတိုင်မှာရှိခဲ့တာ။ အက၊အလှ၊သဘာဝနဲ့သံချပ်ဆိုပြီးစွယ်စုံဆု ပေးတာတွေအထိရှိခဲ့တာပဲ။ အုပ်ချုပ်သူလူတန်းစားတွေ၊ ပါတီကောင်စီပါမကျန်သရော်ခဲ့ကြတယ်။ အဓိကသရော် အခံရဆုံးကတော့ သမဝါယမလူကြီးတွေပေါ့။

မှတ်မိနေသေးတယ်။ ဆုပေးမဏ္ဍပ်တခုမှာ ပထမရတဲ့သံချပ်အဖွဲ့ကို ဆုပေးတဲ့လူကြီးက “နောက်နှစ်မှာလည်း သမဝါယမလူကြီးတွေကို ဆက်လက်ပြီးသ ရော်နိုင်အောင်ဆုပေးတာပါ။ ကျနော်က သမဝါမက ဥက္ကဋ္ဌပါ”ဆိုပြီး ပြောသွားလို့ ပရိသတ်အားလုံပွဲကျသွားခဲ့ဖူးတယ်။ အဲ့ဒီခေတ်ကလူကြီးတွေသူတို့ကို သရော်ပေမယ့် စိတ်ဆိုးမ သွားပဲနားလည်ခွင့်လွှတ်ပေးခဲ့ကြတယ်။ ချစ်စရာ မြန်မာဓလေ့သံချပ်ယဉ်ကျေးမှုပါပဲ။

ဒါပေမယ့် မဆလခေတ်ရဲ့ နောက်ပိုင်းတွေမှာတော့ သံချပ်အဖွဲ့ကို စိစစ်တာတွေရှိလာပြီ။ တချို့အဖွဲ့တွေဖမ်းဆီး ထိန်းသိမ်းတာတွေလုပ်လာခဲ့တယ်။ ကဗျာဆရာတွေဦးစီးတဲ့ နွေဒေသသံချပ်အဖွဲ့၊ ပိတောက်တစ္ဆေအဖွဲ့နဲ့ အစိုးရဆီပို့ပေးပါအဖွဲ့တို့ဟာလည်း အထိန်းသိမ်းခံရတဲ့ သံချပ်အဖွဲ့တွေပါ။ ထိန်းသိမ်းခံရတယ်တယ်ဆိုပေမယ့် အခုခေတ် လို တရားစွဲ ၊ထောင်ချတာမျိုးတော့မဟုတ်ပါဘူး။ သင်္ကြန်ပြီးတာနဲ့ပြန်လွှတ်ပေးခဲ့ကြတာကလား။ အဲ့ဒီအချိန်က လည်း ကိုလိုနီကာလက ပြဋ္ဌာန်းထားခဲ့တဲ့ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဆိုတဲ့ပု ဒ်မရှိခဲ့တာပါပဲ။ ၆၆-ဃတော့မရှိသေးဘူးပေါ့။

၁၉၈၈ပြည်သူ့အရေးတော်ပုံကြီးပြီးတော့ နဝတစစ်အစိုးရတက်လာခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သင်္ကြန်ရဲ့ သံချပ်ယဉ်ကျေးမှုပျောက်ကွယ်သွားခဲ့ပါတော့တယ်။ သံချပ်အားလုံးအပိတ်ပင်ခံခဲ့ရတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ခုနှစ် ရောက်မှ သံချပ်ယဉ်ကျေးမှုကို မြေစမ်းခရမ်းပျိုးစတင်နိုင်ခဲ့တာ။ ဆယ်စုနှစ်တခုတောင်မပြည့်သေးဘူး။ အခုတော့ အိုးဝေသံချပ်အဖွဲ့နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ တရားစွဲခံရပါတယ်။ 

ဒေါင်းတို့မျိုးဆက်အဖွဲ့ကို ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဦးတိုက်လျောက်ပြီး ပုဒ်မ ၅၀၅ (က)နဲ့သာမက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ပါ တရားစွဲဆိုခဲ့တယ်လို့ဆိုပါတယ်။ ဗိုလ်တထောင်တရားရုံး၊ မရမ်း ကုန်းတရားရုံး၊  မအူပင်၊ဖျာပုံ၊ဒေးဒရဲတို့မှာလည်းစွဲဆိုခဲ့တယ်လို့ဆိုပါတယ်။ အမှုတခုထဲကို တရားရုံးအများကြီးမှာ နယ်မြေခွဲစွဲဆို ခဲ့တာ။ ဒီအမှုဒီပုဒ်မနဲ့ဒီလူတွေပင်ဖြစ်ပေမယ့် တပေါင်းတည်းခံစားခွင့်မရခဲ့ဘူးလို့ တရားစွဲခံရသူတဦးဖြစ်တဲ့  ကိုဇေယျာလွင်ကပြောပါတယ်။  

ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်ဖွံ့ဖြိုးစပြုနေတဲ့ သံချပ်ယဉ်ကျေးမှုတခု ထပ်မံပျောက်ကွယ်သွားမှာကိုတော့ မလိုလားတာအမှန်ပါ။ သံချပ်အဖွဲ့တွေဟာ သံချပ်တခုထိုးပြီးတိုင်း “ကောင်းစေချင်လို့ ပြောလိုက်တာ…မှားတာရှိရင် ဝန္တာမိဗျ…။” လို့ အဓိပ္ပါယ်ရတဲ့ ပြည်သူကိုတောင်းပန်တဲ့ ဂါရဝတရားတွေကတော့ပါမြဲပါ။

 ပြည်သူကလည်းအမြဲ ခွင့်လွှတ်နိုင်ခဲ့ကြပါတယ်။ “ခွက်စုတ်လေးလေးပက်တဲ့ရေ…”ဆိုပေမယ့် အကြိမ်ကြိမ်အထပ်ထပ်အပက်ခံရတော့လည်း ကလေးတွေခမျာ ကြာတော့ စပ်ရှာမှာပဲလို့ ဖခင်တယောက်ရဲ့ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013