DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ပြည်သူ့စစ်အဖွဲ့ သိမ်းယူထားသည့် ရွာသားပိုင်မြေယာ ဧက ၃၇၀ အား သွားရောက် စစ်ဆေး
DVB
·
February 20, 2020
လားရှိုးတွင် ပြည်သူ့စစ်အဖွဲ့ သိမ်းယူထားသည့် ရွာသားပိုင်မြေယာ ဧက ၃၇၀ အား သွားရောက် စစ်ဆေး
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာမှာ မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့က ရွာသားပိုင်မြေယာတွေကိုသိမ်းပြီး စိုက်ပျိုးရေးဝင်လုပ်နေတယ်လို့ လားရှိုးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ 

နမ့်ပေါင်ကျေးရွာက ရွာသားပေါင်း ၁၀၀ ကျော် လုပ်ကိုင်စားသောက်နေတဲ့ မြေယာပေါင်း ၃၇၀ ဧကလောက်မှာ မန်ပန်ဌာနေပြည်သူ့စစ်က လာရောက်ထွန်ယက်စိုက်ပျိုးထားကြောင်း တိုင်တန်းချက်ရလို့ မနေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ပြောင်းဖူးတွေ စိုက်ထားတဲ့ ရွာသားပိုင်မြေတွေနားမှာ မနှစ်ဒီဇင်ဘာလက မန်ပန်ပြည်သူ့စစ် က အရာရှိတွေ ရောက်လာပြီး မြေလာတိုင်းတယ်။ ပြီးတော့ (မန်ပန်ပြည်သူ့စစ်စိုက်ခင်းဧက တစ်ထောင်) ဆိုတဲ့ အုတ်ခံဆိုင်းဘုတ်လာထောင်တယ်။ ပြီးတော့ ရွာသားတွေ စိုက်ထားတဲ့ ပြောင်းပင်တွေကို ၂၈ ရက်နေ့ အပြီးရိတ်သိမ်းရမယ်လို့ လာပြောတယ်။ ၂၈ ရက်နေ့မှာ ရွာသားတွေက ရိတ်သိမ်းလို့ မပြီးဘူး။ တချို့အခင်းတွေက ပြောင်းတွေ မရင့်သေးဘူးလေ။ ဒါပေမယ့် မပြီးတဲ့ပြောင်းပင်တွေအကုန်လုံး လယ်ထွန်စက်နဲ့ လာထိုးသွားတယ်၊ ပြီးတော့ တရုတ်လုပ်ငန်းရှင်တွေ ခေါ်လာပြီး  ရေလှောင်ကန်တွေ လုပ်တယ်။ ပဲ နဲ့ ဖရုံတွေ စိုက်ထားတယ်။ အဲဒါ ရွာသားတွေက လားရှိုးမှာရှိတဲ့ မန်ပန်ဌာနေပြည်သူ့စစ် ဆက်ဆံရေးရုံးကို အရင်သွားတိုင်ကြသေးတယ်။ ရုံးက ပြေလည်အောင်ဆောင်ရွက်ပေးပါမယ်လို့ပြောပြီး ခုထိဘာမှ မလုပ်ပေးလို့ ကျနော်တို့ဆီ တိုင်ကြားလာတာပါခင်ဗျ။”

ပြည်သူ့စစ်က ပြောတဲ့သူတို့ စိုက်ခင်းမှာ နမ့်ပေါင်အုပ်စု နားကျိုင်းနဲ့ ကုန်းပေါင်း ကျေးရွာ အပိုင်မှာရှိပြီး ဧက ၁ ထောင်လို့ ဆိုင်းဘုတ်ရေးထားပေမယ့် အဲဒီထဲက ဧက ၃၇၀ ဟာ ရွာသားအပိုင်တွေဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်မတိုင်ခင် ဖျက်ဆီးခံလိုက်ရတဲ့ ပြောင်းပင်တွေမှာ ဧက ၅၀  ရှိတယ်လို့ ဆိုပါတယ်။ 

ရွာသားတွေဟာ သူတို့အသိမ်းခံရတဲ့ မြေပြန်ရရေးအတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့စွဲနဲ့ လားရှိုးခရိုင်နဲ့ မြို့နယ်အဆင့် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခြင်း ခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကိုရော၊ လွှတ်တော်ကိုယ်စားလှယ်၊ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် မြေယာစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဆီကို လိပ်မူပြီး စာတင်ထားပါတယ်။ 

ကုန်းပေါင်းရွာသား တဦးကလည်း အသိမ်းခံရတဲ့ထဲမှာ သူ့မြေကွက် ၆ ဧကပါသွားတယ်လို့ ပြောပါတယ်။ 

“ကျနော်တို့ မိသားစုက ဒီခြံအလုပ်ကလွဲပြီးဘာမှ လုပ်မစားတတ်ဘူး။ မြေကွက်မရှိတော့ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ မရှိတော့ဘူး။ တနှစ်လုံး ဘာနဲ့သွားစားမလဲ၊ ငတ်ဖို့ပဲ ကျန်တယ်။ သူများတွေလို တရုတ်တို့ ထိုင်းတို့မှာ အလုပ်သွားလုပ်ဖို့လည်း မလွယ်ပါဘူး။ ကိုယ့်မြေပေါ်မှာပဲ ကိုယ်စိုက်ပျိုးစားသောက်ချင်တယ်။”

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုထဲမှာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကလည်း မန်ပန်ပြည်သူ့ စစ်က နှစ်ရှည်သီးနှံပင်တွေ စိုက်ပျိုးဖို့အတွက် ရွာသားပိုင်မြေ ၈၃၂ ဧကကို မြေလွတ်မြေရိုင်းတွေလို့ ပြောပြီး  သိမ်းယူခဲ့ဖူးပါတယ်။

 ဒါပေမယ့် ၁၆၂ ဧကမှာ နှစ်ရှည်ပင် စိုက်ပျိုးခြင်းအမှန်တကယ်မရှိလို့ ရွာသားတွေကို ပြန်စွန့်ပေးဖို့ တောင်းဆိုထားပြီး အဆိုပါမြေတွေ ပြန်မရခင် ခုလို ထပ်မံ သိမ်းယူမှုဖြစ်ပွားခဲ့တာလို့  လွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။ 

ဓာတ်ပုံ - SNLD Lashio

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013