DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်  ကေအန်ယူနှင့် တပ်မတော် တွေ့ဆုံဆွေးနွေး
DVB
·
February 20, 2020
အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်  ကေအန်ယူနှင့် တပ်မတော် တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေး  အခြေခံမူအရ ဆက်လက်ဆွေးနွေးဖို့ လုပ်ငန်းစဉ်တွေချ မှတ်နိုင်ရေးနဲ့ လတ်တလော ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တပ်မတော်ဘက်က ကားလမ်း ဖောက်လုပ်မှုနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေကို ကေအန်ယူနဲ့ တပ်မတော်တာဝန်ရှိသူတွေအကြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (အေအန်ယူ) ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နဲ့  ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တာပါ။ 

ဒီတွေ့ဆုံမှုမှာ အဓိက အချက် ၂ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ပထမအချက်ကတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးပါတယ်။ ဆိုလိုတာက အန်စီအေ အခန်း ၃၊ အခန်း၄၊ အခန်း ၆ မှာ ပါတဲ့ကိစ္စရပ်တွေကို ကျနော်တို့ ဘယ်လိုဆွေးနွေးရမလဲ၊ ဆွေးနွေးတဲ့ အချက်တွေကိုလည်း မူလက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရနဲ့ ညှိနှိုင်းတယ်။ ပြီးတော့ ဆွေးနွေးရမယ့် အစုအဖွဲ့တွေ၊ ဘယ်ဟာကို ပထမဆုံဆွေးနွေးမလဲ၊ ဒုတိယ အဆင့်မှာဘာတွေဆွေးနွေးမလဲဆိုတဲ့ ဆွေးနွေးမယ့်အဆင့်တွေပေါ့နော် အဲဒါတွေကို ကျနော်တို့ ဆွေးနွေးသဘောတူညီမှုရခဲ့တယ်။ ဒုတိယအချက်ကတော့ ကျတို့အခု လတ်လော တပ်မဟာ ၅ တို့၊ တပ်မဟာ ၃  နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့လမ်းဖောက်လုပ်ရေးကိစ္စနဲ့ နောက်ဆက်တွဲဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေပေါ့၊ ဒါတွေကို ကျနော်တို့ဘက်ကလည်း ဒီပြည်သူလူထုရဲ့အမြင်၊ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ လိုလားချက်တွေအပေါ်မှာ ရပ်တည်ပြီးတော့ တင်ပြဆွေးနွေးခဲ့တယ်။ နောက်ပြီး အဲဒီဒေသမှာရှိတဲ့ ကျနော်တို့အဖွဲ့အစည်းရဲ့ အမြင်သဘောထားကို တင်ပြဆွေးနွေးခဲ့တယ်။ အစိုးရဘက်ကလည်း သူတို့ရဲ့အခြေအနေနဲ့ သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ဆန္ဒကိုလည်းတင်ပြတယ်။ ”

တပ်မတော်ဘက်ကလည်း ကေအန်ယူ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေအကြားမှာ လိုအပ်အချက်အရ လမ်းဖောက်လုပ်မှာဖြစ်တဲ့အကြောင်း ကေအန်ယူဘက်ကလည်း သူတို့ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတခုအထိသာရှိပြီး သတ်မှတ်ထားတဲ့နယ်မြေ ကျော်လွန်ပါက လူ (သို့မဟုတ်) မြင်းနဲ့သာ ရိက္ခာသယ်ယူဖို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ 

ဒီအပေါ်တပ်မတော်ဘက်က ဖြစ်စေချင်တဲ့ဆန္ဒကို တင်ပြပြီး ကေအန်ယူဘက်က ဒေသခံပြည်သူနဲ့ နယ်မြေတာဝန်ရှိသူတွေပြန်လည်ဆွေးနွေးဖို့ တင်ပြခဲ့တယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ 

“ သူတို့ဘက်က တင်ပြတာပေါ့ တပ်မတော်ရဲ့အခက်အခဲ၊ အခက်အခဲဆိုတာက အခုခေတ်က လူနဲ့ပို့ဖို့ဆိုတာက အထမ်းသမားတွေ ဟိုခေတ်တုန်းကလို ဆင့်ခေါ်ဖို့ကလည်း လူတွေက မရှိဘူးဆိုတဲ့ သဘောပေါ့။  အခက်အခဲဖြစ်တယ်။ အခုက သူတို့လမ်းဖောက်မယ်၊ ရိက္ခာပို့မယ်၊ စစ်ဆင်ရေးအရ မသုံးဘူးဆိုပြီးတင်ပြတာပေါ့။ ဒါပေမယ့် ကျနော်တို့ ဒေသခံလူထုတွေက တပ်မတော်ရဲ့ လွန်ခဲ့တဲ့ ဆောင်ရွက်ချက်တွေက သူတို့အတွက်စိုးရိမ်မှုရှိတဲ့အပေါ်မှာ လက်ခံနိုင်တဲ့အနေအထားမရှိဘူး ပေါ့နော်။ ”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖာပွန်ခရိုင် ခေးပူနဲ့ လယ်မူပလောကျေးရွာအကြား တပ်မတော်ဘက်က ကားလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး ကေအန်ယူနဲ့ ပဋိပက္ခဖြစ်ပွားခဲ့သလို ရွာ ၁၆ ရွာရှိ လူပေါင်း ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီနောက်ပိုင်း နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းပြီး အဲဒီကားလမ်းကို ယာယီရပ်ဆိုင်းခဲ့ပေမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်စပြီး တပ်မတော်က ကားလမ်းဖောက်လုပ် ပါတယ်။

၂၀၂၀ နှစ်ဆန်းပိုင်းကစပြီး ကားလမ်းဖောက်လုပ်မယ့်အစီအစဉ်ကြောင့် စစ်အင်အားတိုးခဲ့တာတွေ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိလာတဲ့အတွက် အခု ဖေဖော်ဝါရီလဆန်း ပိုင်းကစပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးတာတွေ ရှိလာပြန်တယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ 

ဒါကြောင့် တပ်မတော်တာဝန်ရှိသူတွေနဲ့ လမ်းဖောက်လုပ်ရေးကိစ္စနဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုအခြေအနေတွေကို တင်ပြဆွေးနေရတာဖြစ်ပြီး တပ်မတော်ဘက်က ပြန်လည်ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ မြေပြင်မှာဖြစ်ပျက်နေတဲ့အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေနဲ့တွေကို ကွင်းဆင်းပြီး အန်စီအေအရ ကိုက်ညီမှုရှိမရှိကို ပြန် အကြောင်းကြားမယ်လို့ ပြောပါတယ်။ 

မနေ့က ဆွေးနွေးပွဲမှာ ကေအန်ယူ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့က  ပဒိုစောကွယ်ထူးဝင်း ( ဒုတိယဥက္ကဋ္ဌ ) ပဒိုစောတာဒိုမူး (အထွေထွေအတွင်းရေးမှူးချုပ်) ပဒိုစောဆဲဂေ (ဗဟိုအမြဲတမ်းကော်မတီဝင်) ဗိုလ်မှူးချုပ်စောတာမလာသော (စစ်ဦးစီး ပထမတန်း) ပဒိုစောအယ်ကလူစေး (ဗဟိုအမြဲတမ်းကော်မတီဝင်) ဗိုလ်မှူးချုပ်စောပလေ့ (တပ်မဟာမှူး၊ တပ်မဟာ ) ဗိုလ်မှူးချုပ်စောဒဲဖိုး (တပ်မဟာမှူး၊ တပ်မဟာ ) ဗိုလ်မှူးကြီးစောအယ်မေစေး (စစ်ဆင်ရေးမှူး၊ တပ်မဟာ ) ဗိုလ်မှူးစောတာမူလာ (Protocol Officer) နဲ့ နည်းပညာအထောက်အကူပြုများ၊ ရုံးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တပ်မတော်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်မျိုးဝင်းနဲ့ ဗိုလ်မှူးကြီးမင်းဟိန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013