
ဟိမဝန္တာဒေသမှာ ရှေ့နှစ်တွေအတွင်း ရေခဲမြစ်ပြိုကျမှုနဲ့ ရေခဲမြစ်ကန်ပေါက်ထွက်မှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတယောက်က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က နီပေါနိုင်ငံမှာ ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးမှာ သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီး ရေအားလျှပ်စစ်စီမံကိန်းတွေပါ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ကန်နီဝစ်ဂနာရာဂျာက ဒီလိုအန္တရာယ်ရှိတဲ့ မြစ်ကမ်းတလျှောက် နေထိုင်သူ လူသန်းပေါင်းများစွာ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ နီပေါ၊ တရုတ်နဲ့ အိန္ဒိယတို့မှာ အန္တရာယ်ရှိနိုင်တဲ့ ရေခဲမြစ်ကန် ၄၇ ခုကို သုတေသီတွေ တွေ့ရှိခဲ့ပြီး အခုအခါ အရေအတွက်ဟာ ဒီထက် အများကြီးပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နီပေါရေဘေးဟာ လန်တန် လီရုန်တောင်ထိပ်အနီးက ရေခဲမြစ်အပိုင်းတချို့ ပြိုကျပြီး မြေပြိုမှုဖြစ်ရာကနေ ထရီရှူလီမြစ်တလျှောက် အလွန်ပြင်းထန်တဲ့ ရေလှိုင်း ဆင်းလာခဲ့တာပါ။
ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲမြစ်အရည်ပျော်နှုန်း မြန်လာတာ၊ ကျောက်တုံးတွေ လျော့ရဲလာတာနဲ့ ရေခဲမြစ်ကန်တားဆီးနေတဲ့ သဘာဝအတားအဆီးတွေပေါ် ဖိအားတိုးလာတာကြောင့် ဒီလိုအန္တရာယ်တွေ ပိုများလာတယ်လို့ ကုလအရာရှိတွေက ဆိုပါတယ်။
နီပေါဟာ သောက်သုံးရေနဲ့ ဝင်ငွေအတွက် ရေခဲမြစ်တွေအပေါ် ဒေသတွင်းနိုင်ငံတွေထက် ပိုမိုမှီခိုနေရပြီး မြစ်ကမ်းဘေးက လူအများအတွက် အမြင့်ပိုင်းကို ပြောင်းရွှေ့ဖို့ကလည်း ငွေကြေးအရ မလွယ်ကူပါဘူး။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အဆိုအရ ပြီးခဲ့တဲ့ရေဘေးကြောင့် လည်ပတ်နေတဲ့ စက်ရုံတွေအပြင် ဆောက်လုပ်ဆဲ အဓိကရေအားလျှပ်စစ်စက်ရုံ ၁၅ ရုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဝစ်ဂနာရာဂျာက လျှပ်စစ်ကွန်ရက်နဲ့ ရေအားလျှပ်စစ်စက်ရုံတွေကို နည်းပညာနဲ့ ပိုခံနိုင်ရည်ရှိအောင် လုပ်နိုင်ပေမဲ့ ပြီးခဲ့တဲ့ရေဘေးလို “ရွှံ့နဲ့ ရေခဲလှိုင်းကြီးကိုတော့ ဘယ်လိုဆောက်လုပ်ရေးမျိုးနဲ့မှ တားနိုင်မှာ မဟုတ်ဘူး” လို့ သတိပေးပါတယ်။











