
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးမှာ မေလ ၄ ရက်က လက်နက်ကိုင်ဆောင်ထားတဲ့ လူတယောက်ကို လျှို့ဝှက်လုံခြုံရေးအဖွဲ့တွေက သွားရောက်စစ်ဆေးရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလူက လုံခြုံရေးတွေကို အရင်ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့အတွက် ပြန်လည်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် အိမ်ဖြူတော်ကိုလည်း ခဏတာ ပိတ်ထားခဲ့ရပါတယ်။ ဒီပစ်ခတ်မှုဟာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ ယာဉ်တန်း ဖြတ်သန်းသွားပြီး မကြာခင်မှာပဲ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါ။
လျှို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး မက်သရူး ကွင်းန်က “အိမ်ဖြူတော် အပြင်ဘက်ကို ကင်းလှည့်နေတဲ့ ကျနော်တို့ရဲ့ အရပ်ဝတ် လုံခြုံရေးတွေဟာ သေနတ်ပါလာတယ်လို့ ယူဆရတဲ့ သံသယရှိသူတယောက်ကို တွေ့ရှိခဲ့တာပါ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လုံခြုံရေးတွေရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် သံသယရှိသူ ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားပါတယ်။
အဲဒီလူ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ အနီးနားက လူငယ်တယောက်ကို ထိမှန်ခဲ့ပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။
ကွင်းန်က “ဒီပစ်ခတ်မှုဟာ သမ္မတကို ရည်ရွယ်တာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်းသွားမှာပါ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အနီးအနားက လမ်းတွေကိုလည်း နာရီအတော်ကြာ ပိတ်ထားခဲ့ပါတယ်။
Source: Reuters










