DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ငါးရှည့်စျေးကွက် ရပ်တန့်နေ
DVB
·
February 19, 2020
ဧရာဝတီတိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ငါးရှည့်စျေးကွက် ရပ်တန့်နေ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ရေထွက်ကုန် ပစ္စည်းတမျိုးဖြစ်တဲ့ ငါးရှည့်တင်ပို့မှုဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံဘက်က အဝယ်ရပ်တန့်လိုက်တာကြောင့် ဒေသခံငါးရှည့်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေပါတယ်။

လပွတ္တာမြို့နယ်မှာရှိတဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက မြို့ပေါ်ရေလုပ်ငန်းဒိုင်တွေနဲ့ ဂဏန်း၊ ပုဇွန်၊ ငါး၊ ငါးရှည့် စတဲ့ ရေထွက်ကုန်တွေကို ရှာဖွေစားသောက်တဲ့လုပ်ငန်းတွေနဲ့ အဓိက ဝင်ငွေရပြီး စားဝတ်နေရေး ရပ်တည်နေကြတာပါ။

ငါးရှည့်အဝယ်မပိတ်ခင်ကရှာဖွေစားသောက်ရတာ အဆင်ပြေနေပေမယ့် တရုတ်ဘက်က ငါးရှည့်အဝယ်ရပ်တန့်သွားပြီးနောက်ပိုင်း စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်လာတယ်လို့ မြို့ခံရေလုပ်ငန်းဒိုင်တစ်ဦးဖြစ်တဲ့ ကိုမောင်ထွေးက ပြောပါတယ်။

“မပိတ်ခင်ကာလတစ်ခုမှာတုန်းက စားဝတ်နေရေးလေးတွေ ပုံမှန်ထမင်းနပ်မှန်အောင် စားနေကြရတယ်။ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ထောင်စု ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ သူတွေဖြစ်လို့ ခုလို ဝယ်တာတွေ ပိတ်လိုက်တော့ လုပ်ငန်းတွေ ရပ်ထားရတယ်။ အဲ့တော့ သူတို့တွေ စားဖို့အဆင်ပြေအောင် စျေးတန်းတခုလေး ဖွင့်ပေးပြီးတော့ ဝယ်ပေးထားတယ်။ အရင်လောက်စျေး မရတော့ သူတို့လည်း အဆင်မပြေဘူးပေါ့။ ခုဆို အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော်လောက် စားဝတ်နေရေးအတွက် တော်တော် ဒုက္ခရောက်နေပါတယ်” 

ဧရာဝတီတိုင်းအတွင်းက ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ဂဏန်း၊ ပုဇွန်၊ ငါးရှည့်၊ ငါးဟောက် စတဲ့ ပင်လယ်ကနေရရှိလာတဲ့ ရေထွက်ကုန်တွေကို တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ လပွတ္တာမြို့နယ်က ရေလုပ်ငန်းလုပ်ကိုင်တဲ့ ဒိုင်တွေနဲ့ လုပ်သားတွေဟာ တရုတ်ပြည်ဘက်က ရေထွက်ပစ္စည်းတွေအ ဝယ်ရပ်တန့်သွားပြီးနောက်ပိုင်း အခက်အခဲတွေဖြစ်ပေါ်နေတာလို့ ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသခံရေလုပ်သားတွေအဆင်ပြေစေဖို့ ဒိုင်တွေအနေနဲ့ ဒိုင်မှာအလုပ်လုပ် တဲ့ လုပ်သားတွေကို လစာအနည်းငယ်လျော့ပြီး အလုပ်ဆက်လက်ပေးထားတာနဲ့ ရေထွက် ပစ္စည်း ရှာဖွေတဲ့လုပ်သားတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ စျေးလျော့ဝယ်တာတွေ လုပ်ဆောင်ပေး နေရပါတယ်။

ဝယ်ယူထားတဲ့ ငါးရှည့်၊ ငါးဟောက်တွေကို ဒေသတွင်းစျေးကွက်တွေမှာ ရောင်းချနေသလို ရောင်းချလို့မရရင် လှောင်အိမ်ထဲမွေးရပြီး သေရင်တော့ မြေမြုပ်ပစ်ရတာတွေ ၊ ဖျက်ဆီးပစ်ရတာ တွေရှိတယ်လို့ ဒေသခံ ငါးရှည့် ငါးဟောင်း လုပ်ငန်း ဒိုင်တွေကပြောပါတယ်။

လပွတ္တာက ရေထွက်ပစ္စည်းတွေကို ရန်ကုန်မြို့နဲ့ မူဆယ်မြို့တွေကတဆင့် လေကြောင်းနဲ့ရော ကုန်းလမ်းခရီးကပါ ပို့ဆောင်ရာမှာ  အရင်ကတိုက်ပွဲတွေကြောင့် လမ်းခရီးမလုံခြုံလို့ မကြာခဏရပ်တန့်ခဲ့ရဖူးပေမယ့် ခုတကြိမ်မှာ ရက်အကန့် အသတ်မရှိ ရပ်တန့်လိုက်လို့ လုပ်ငန်းရှင်ရော ရေလုပ်သားတွေပါ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူတွေက  ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာပြီး နောက်ပိုင်း တရုတ် - မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးကို ဇန်နဝါရီ ၂၂ ရက်ကစတင်  ပိတ်ထားခဲ့တာပါ။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013