ဖူးခက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းဘတ် ၆ သန်းဖိုး ထီပေါက်
DVB
·
February 17, 2020

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဖေဖော်ဝါရီလ ၁၆ ရက်က ထုတ်ပြန်ထားတဲ့ အောင်ဘာလေသိန်းထီ ပထမဆု ဘတ်ငွေ ၆ သန်းဖိုး ပေါက်ဂဏန်း ၇၈၁၄၀၃ ကို ထိုင်းတောင်ပိုင်း ဖူးခက်မြို့က မြန်မာအလုပ်သမားတဦး ကံထူးပြီးခဲ့တယ်လို့ Phuket People’s Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။
ထီပေါက်သူ မြန်မာအလုပ်သမား ဘယ်သူဘယ်ဝါဆိုတာကို သိရဖို့အတွက် ထိုင်း-မြန်မာသံရုံးကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ရနောင်းအခြေစိုက် အလုပ်သမား သံအရာရှိကတော့ အခုထိ ဘယ်သူမှ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းကတော့ ဖူးခက်မှာ မနေ့က မြန်မာအလုပ်သမား ၁ ဦး ထီပေါက်တယ်လို့ အလုပ်သမားအသိုင်းအဝိုင်းတွေကတဆင့်သိရကြောင်း၊ အဆိုပါအလုပ်သမားမှာ ဆုငွေကို သူ့ဘာသာထုတ်သွားလို့ မကူညီလိုက်ရဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပဲခူးတိုင်း ဖြူးမြို့နယ်ကနေ ထိုင်းမှာ အလုပ်လာလုပ်တဲ့ မြန်မာလုပ်သား လူရွယ် ၁ ဦး ထိုင်းထီ ပထမဆု ဘတ် ၆ သန်းဖိုး ပေါက်ခဲ့ပြီး သူကတော့ ဆုငွေထုတ်ရေး အေအေစီအဖွဲ့ဆီ အကူအညီတောင်းလာတဲ့အတွက် ငွေထုတ်ပြီး မြန်မာပြည်ပြန်ရောက်သည်ထိ အစဆုံးကူညီပေးခဲ့ကြောင်း၊ ထိုလူငယ်လည်း အေအေစီအလုပ်သမားဂေဟာအတွက် ထောက်ပံ့ငွေ ဘတ် ၆ သောင်း ပြန်လှူခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။