
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ ဩဂုတ် ၁၆ ရက်က ကြက်တိုက်လောင်းကစားဝိုင်းတခု ဖမ်းဆီးခံရပြီး အဲဒီထဲမှာ ဝင်ကစားနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက်လည်း ပါတယ်လို့ ဖူးခက် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖူးခက်မြို့ ရတ့်ဆဒါးရပ်ကွက် ကိန်ကယောက်လမ်းထဲမှာ ကြက်တိုက်လောင်းကစားနေကြောင်း သတင်းရတာကြောင့် ဖူးခက်မြို့မရဲစခန်း တာဝန်ရှိသူတွေဟာ သွားရောက်စစ်ဆေးခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ သူတို့ကားကို ကြက်ကစားဝိုင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားပြီးမှ ဝင်ရောက်စစ်ဆေးတယ်။ လူတစုဟာ ဝိုင်းဖွဲ့ပြီး ကြက်တိုက်လောင်းကစားနေတာ တွေ့ရတယ်။ အဲဒီထဲမှာ ကစားဝိုင်း ဒိုင်လုပ်သူ အပါအဝင် ထိုင်းအမျိုးသား ၂ ယောက်၊ မြန်မာ ၉ ယောက် စုစုပေါင်း ၁၁ ယောက် ပါဝင်တယ်။ သူတို့ကတော့ ကြက်ဝိုင်းဖွင့်တာ ဘာမှမကြာသေးဘူးလို့ ပြောပါတယ်။
သူတို့အားလုံးကို တိုက်ကြက် ၂ ကောင်၊ အချိန်မှတ်နာရီ ၁ လုံး၊ ကစားဝိုင်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေပါ သက်သေနဲ့အတူ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီနောက် သူတို့ကို လောင်းကစားမှုနဲ့ အရေးယူဖို့ ဖူးခက်ရဲစခန်းကို ခေါ်ဆောင်သွားတယ်၊ မြန်မာတယောက်ဟာ ခွင့်ပြုချက်မရဘဲ အဲဒီနေရာမှာ လောင်းကစားဝိုင်းဖွင့်မှုနဲ့ပါ ထပ်ဆောင်း အရေးယူခံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Phuket Times











