ဝူဟန်မြို့မှ ပြန်လာသည့် မြန်မာကျောင်းသားများနှင့် လေယာဉ်အမှုထမ်းများ အိမ်ပြန်ခွင့်ရ
DVB
·
February 16, 2020
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာကျောင်းသားတွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေယာဉ်အမှုထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ကျန်းမာရေးကောင်းမွန်လို့ စောင့်ကြည့်တဲ့ဆေးရုံတွေကနေ ပြန်ဆင်းသွားပြီ ဖြစ်ပါတယ်။
မန္တလေး ကန်တော်နဒီဆေးရုံမှာရှိတဲ့ ကျောင်းသား ၅၉ ယောက်၊ ကျန်းမာရေးဝန်ထမ်း ၅ ယောက်၊ ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံမှာရှိတဲ့ လေယာဉ်အမှုထမ်း ၅ ယောက်တို့ဟာ ဒီမနက်မှာပဲ နေအိမ်ကို ပြန်သွားခဲ့တာပါ။
ဖေဖော်ဝါရီ ၂ ရက်က ဝူဟန်မြို့ကို ရောက်နေတဲ့ မြန်မာကျောင်းသားတွေကို လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ပြီး ကျောင်းသားတွေနဲ့ ကျန်းမာရေးဝန်ထမ်းကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုခံရသလို လေယာဉ်ကတော့ ရန်ကုန်ကို ပြန်လာခဲ့တာကြောင့် လေယာဉ်အမှုထမ်းတွေကတော့ ရန်ကုန် ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုခံခဲ့ရတာပါ။
လေယာဉ်မှူးကြီးကတော့ မောင်းနှင်ခန်းမှာပဲ ရှိနေခဲ့တာကြောင့် သူ့ရဲ့အိမ်မှာပဲ စောင့်ကြပ်ကြည့်ရှုခံရပါတယ်။
လေယာဉ်အင်ဂျင်နီယာ ဦးအောင်ဇင်က သူတို့ရောက်တဲ့နေ့ကစလို့ စောင့်ကြည့်ကြပ်မတ် ကုသရက် နောက်ဆုံးနေ့အထိ အစစအရာရာ လိုလေသေးမရှိအောင် စောင့်ရှောက်ကာကွယ်ပေးတဲ့ ဝေဘာဂီ အထူးကုဆေးရုံကြီးက ပါမောက္ခဆရာမကြီး၊ ဆေးရုံအုပ်ကြီးနဲ့ ဆေးရုံအုပ်တွေ၊ ဆရာဝန်တွေနဲ့ သူနာပြု ဆရာ၊ ဆရာမတွေ၊ ဝေယျာဝစ္စတွေကို မညည်းမညူ လုပ်ကိုင်ပေးတဲ့ ဆေးရုံဝန်ထမ်းတွေကို အားလုံးကိုယ်စား အထူးကျေးဇူးတင်တယ်လို့ ဒီမနက်အစောပိုင်းကပဲ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။



