DVB Logo
Home
မြန်မာသတင်း
ဆီကြွေးကျန် မပေးပါက Yangon Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ
DVB
·
February 15, 2020
ဆီကြွေးကျန် မပေးပါက Yangon Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ
Donate to DVB

Yangon Water Bus ဟာ ဒီဇယ်ဆီတွေ ဝယ်ယူပြီး ကြွေးကျန် ကျပ်သိန်း ၈၀၀ လောက် ကျန်ရှိနေပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်အထိ မပေးချေပါက  တရားစွဲသွားမယ်လို့ ဆီရောင်းချထားတဲ့ ကုမ္ပဏီက နိုင်ငံပိုင်သတင်းစာကတဆင့် ဒီနေ့ ကြေညာလိုက်ပါတယ်။

Tint Tint Myanmar Group of Companies ဟာ သူတို့ရဲ့ Yangon Water Bus တွေ ပြေးဆွဲဖို့ Petro & Trans Group of Companies Limited ဆီကနေ ဒီဇယ်ကို အကြွေးစနစ်နဲ့ ဝယ်ယူခဲ့ပြီး ခုတော့ ကြွေးကျန်တွေမဆပ်ဘူးလို့ Petro & Trans ကုမ္ပဏီရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။

“ဝယ်တဲ့လရဲ့ နောက်လကုန်ပြီး ၁၀ ရက်အတွင်း ငွေချေမယ်ဆိုပြီး ဝယ်တယ်။ နောက်တော့ လဆန်း ၁၀ ရက်အတွင်း မဟုတ်တော့ဘူး။ နောက်ကျလာတယ်။ နောက်တော့ မပေးတော့ဘူး။”

၂၀၁၈ ခုနှစ် စက်တင်ဘာ ၄ ရက်ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်အတွင်း ဝယ်ယူခဲ့တာတွေကနေ ကျပ်သိန်းပေါင်း ၇၇၀ ကျော်ပေးဖို့ ကျန်နေတယ်လို့ ဦးသန်းထွန်းက ဒီနေ့ သတင်းစာတွေထဲမှာ ထည့်သွင်းကြေညာထားပါတယ်။

ဒီငွေတွေကို ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်မှာ အကြေပေးချေမယ်လို့ Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က လက်မှတ်ရေးထိုးကတိပြုခဲ့ပြီး ကုမ္ပဏီပိုင် သင်္ဘောတစီးရဲ့ စာရွက်စာတမ်း ၅ မျိုးကိုလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မပေးတာကြောင့် နို့တစ်စာပေးခဲ့ပေမယ့် စာပို့လို့မရခဲ့ပါဘူး။ 

Petro & Trans ကုမ္ပဏီရှေ့နေ ဦးသန်းထွန်းက “ကုမ္ပဏီလိပ်စာ ပြောင်းသွားတယ်ဆိုပြီး စာက ပြန်ရောက်လာတယ်။ ဖုန်းတွေလည်း ဆက်လို့မရဘူး။ ပြောချင်တာကတော့ သူတို့အနေနဲ့ ပြောထားတာ(ငွေချေမယ့်ကတိ) ကို ဆောင်ရွက်ပေးသင့်တယ်။ မဆောင်ရွက်ရင်လည်း လာရောက် ညှိနှိုင်းသင့်တယ်။ ဥပေက္ခာတော့မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ Tint Tint Myanmar ကုမ္ပဏီဘက်က ချေပစရာတွေကို မေးမြန်းဖို့ ဒေါ်တင့်တင့်ရဲ့ဖုန်း၊ Yangon Water Bus ရဲ့ဖုန်းတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေပိတ်ထားတာကြောင့် မေးမြန်းလို့ မရခဲ့ပါဘူး။

Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ဆိပ်ကမ်းတွေ ပြင်ဆင်ဖို့၊ ရေယာဉ်တွေ အကြီးစားပြုပြင်ဖို့၊  ငမိုးရိပ်ချောင်းမှာ ပြေးဆွဲမယ့်ရေယာဉ်တွေ တင်သွင်းဖို့၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းတွေ ဆောက်လုပ်ခွင့်ရဖို့၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ဖို့၊ ငွေပေးချေစနစ်သစ်အတွက် စက်တွေ တပ်ဆင်ဖို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ရပ်နားမယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးတော့ သတင်းတွေထွက်နေတဲ့ ဒီဇယ်ဆီကိစ္စဟာလည်း ငွေကြေး မလျော်မကန် လုပ်သူ ဝန်ထမ်းတွေကို အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013