
သင်္ဃန်းကျွန်းမြို့နယ်က Music Zone ပိုင်ရှင်ကို မြို့နယ်ကိုဗစ်ကော်မတီ ဆုံးဖြတ်ချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုသွားမယ်လို့ သင်္ဃန်ကျွန်းမြို့နယ် မဲဆန္ဒနယ်မြေရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
တရားစွဲဆိုရေးလုပ်ငန်းစဉ်တွေကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်နေတာဖြစ်ပြီး တရားစွဲဆိုရေးလုပ်ငန်း စတင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ Music Zone ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ မသိသေးပေမယ့် မြေဂရန်ပိုင်ရှင်ကို သိရှိထားတယ်လို့ ပြောပါတယ်။
Music Zone ပိုင်ရှင်ကို တရားစွဲဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ မြို့နယ်ကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာဖြစ်ပြီး ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမလဲ ဆိုတာကတော့ ဥပဒေအကြံပေးအရာရှိရဲ့ သဘောထားမှတ်ချက်အပေါ်မှာ မူတည်သွားမယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။
Music Zone ထဲမှာရှိတဲ့ လူ ၁၁၉ ဦးထဲကနေ ကိုဗစ်အတည်ပြုလူနာ ၉၂ ဦး တွေ့ရှိခဲ့ပြီး Quarantine စင်တာ ပို့ထားသူ ၂၇ ဦး ရှိပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွေအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၀ ကျော်ရှိတဲ့အထဲမှာ Musice Zone ကနေ လူ ၉၀ ကျော် ပါဝင်နေတာပါ။











