DVB Logo
Home
မြန်မာသတင်း
၀န်ထမ်းများ ကားတင်သွင်းခွင့်ကိစ္စ ခွင့်ပြုမိန့်စောင့်ဆိုင်းနေဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော
DVB
·
February 14, 2020
၀န်ထမ်းများ ကားတင်သွင်းခွင့်ကိစ္စ ခွင့်ပြုမိန့်စောင့်ဆိုင်းနေဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော
Donate to DVB

အစိုးရဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ့်ကိစ္စ ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ ပြန်လည်ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။ 

ဖေဖေါ်ဝါရီ ၁၄ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာ တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောတာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ဝန်ထမ်းတွေဟာ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တယ်။ လခလည်း အများမရဘူး။ သူများလို အာဆီယံလခတို့ဘာတို့ ဆိုတာလည်းရတာ မဟုတ်ဘူး။ ဒါ့ကြောင့် ဝန်ထမ်းတွေအတွက်ကို အိမ်တို့ကားတို့ ထောက်ပံ့ပေးနေရတယ်။ ဒီလိုခွင့်ပြုလိုက်မယ် ဆိုလို့ရှိရင် ကားထောက်ပံ့ပေးမှုလည်း လျော့သွားမယ့်သဘောရှိပါတယ်။ အိမ်ဆိုလို့ရှိရင်လည်း ကျနော်တို့ အရစ်ကျရောင်းချတဲ့ စနစ်ရှိပြီဆိုရင် နိုင်ငံတော်ကလည်း အကုန်တာဝန်ယူရတဲ့ အခြေ အနေမျိုးမှာ မရှိတော့တဲ့ သဘောမျိုးရှိပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကျနော်တို့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ဆောင်ရွက်ပေမယ့် တချို့တွေကလည်း ဒါကို နည်းနည်းလေးချဲ့ကားပြီးတော့မှ ပြောလိုက်တဲ့အခါကျတော့ အထူးအခွင့်အရေးပေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ အထူးအခွင့်အရေးပေးတာ မဟုတ်ပါဘူး ” လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်းကောင်းလက်မှတ်ရ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပါမစ်တွေပေးဖို့ အခုနှစ် ဇန်နဝါရီ အစောပိုင်းထဲက စီစဉ်ခဲ့ပေမယ့် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးတို့အထိ ကန့်ကွက်တိုင်ကြားမှုတွေလည်း ရှိခဲ့ပါတယ်။ 

ဒီလိုတိုင်ကြားမှုတွေကြောင့် ဝန်ထမ်းတွေ ကားတင်သွင်းခွင့်ကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

သမ္မတရုံးက ခွင့်ပြုချက်ရပြီဆိုတာနဲ့ ကားတင်သွင့်ကိစ္စစတင်နိုင်အောင် စီစဉ်နေသလို တဘက်ကလည်း ကားတင်သွင်းခွင့်မူဝါဒနဲ့ ပတ်သက်ပြီး ပြောင်းလဲဖို့စဉ်းစားထားတယ်လို့လည်း ဆိုပါတယ်။

“အရင်ထဲကတော့ ၂၅ နှစ်အထက်ကို အကုန်ပေးမယ်လို့ ကျနော်က ပြောထားပြီးသား၊ ဒါပေမယ့်လည်း အဲ့လိုပေးတဲ့ အခါမှာ ကျနော်တို့က ၂၅ နှစ်ပြည့်တဲ့သူကို အငယ်တွေကို ဦးစားပေး ပြီးတော့ ပေးမယ်လို့ ကျနော်တို့က စဉ်းစားထားတာပါ။ အဲ့လိုစဉ်းစားတဲ့နေရာမှာလည်း ကျနော်တို့ က ဝန်ထမ်းတွေသက်သာအောင်လို့ဆိုပြီးတော့ 1500 cc အထိ ပဲ ခွင့်ပြုဖို့ပေါ့နော်၊ 1500cc ဆိုရင် အထူးကုန်စည်ခွန်ပေးဖို့မလိုဘူးပေါ့နော်” လို့ စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူလသတ်မှတ်ထားတဲ့ အစီအစဉ်မှာ လုပ်သက် ၂၅ နှစ်ပြည့်ဝန်ထမ်းတွေကို နောက်ဆုံးမှ ပေးဖို့ စီစဉ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဦးစားပေးအနေနဲ့ ပြောင်းလဲဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဝန်ထမ်းတွေကားတင်သွင်းခွင့်ကို ခေတ္တရပ်ဆိုင်းထားတယ်ဆိုပေမယ့် စီးပွားကူးသန်းဌာနကတော့ လိုအပ်တဲ့ စာရင်းတွေကို ကောက်ယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013