
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်ရှိ The Avenue အထည်ဆိုင်မှာ ဓားထောက် ခြိမ်းခြောက်ပြီး ငွေကျပ် ၂၈၀၀၀၀ လုယက် ထွက်ပြေးသွားသူအား ရာဇသတ်ကြီး ပုဒ်မ ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အထည်ဆိုင် အရောင်းကောင်တာမှာ ကိုပြည့်ဖြိုးအောင် ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား ၁ ဦး ဆိုင်ထဲ ဝင်ရောက်လာပြီး အင်္ကျီများအား လိုက်လံကြည့်ရှုကာ ဈေးနှုန်းတွေ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် အရောင်းကောင်တာအနီး ရောက်ရှိလာပြီး ကိုပြည့်ဖြိုးအောင်အား ဓားဦးချွန် ၁ ချောင်း ပြသခြိမ်းခြောက်ကာ ကောင်တာအတွင်းရှိ ငွေ ၂၈၀,၀၀၀ ကျပ်အား လုယူ ထွက်ပြေးသွားတာပါ။
လုယူသွားတဲ့ အမည်မသိ အမျိုးသား ၁ ဦး (စိစစ်ဆဲ) အား ဗဟန်းမြို့မရဲစခန်း (ပ)၃၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ (နာကျင်စေရန် ပြင်ဆင်၍ ခြောက်လှန့် တောင်းယူမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး










