ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အင်တာနက်ပိတ်ထားသဖြင့် ဖုန်းဆိုင်များ အခက်ကြုံ
DVB
·
February 8, 2020

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်ကာ အင်တာနက် ဖြတ်တောက်ခဲ့တဲ့အတွက် ဖုန်းအရောင်းဆိုင်တွေ ရောင်းအားကျသွားပြီး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
realme ဖုန်းကိုယ်စားလှယ်က "အခုရောင်းအား ကျဆင်းသွားပါတယ်၊ လည်ပတ်မှု မရှိတော့ဘူး၊ အခက်အခဲကတော့ အများကြီးပါ။ SMS ကတ်တို့၊ ငွေဖြည့်ကတ်တို့လည်း အရောင်းကျသွားပါတယ်။ အရင်တုန်းက တနေ့ကို ဖုန်းအလုံး ၃၀ လောက်ရောင်းရတယ်။ အခုတော့ တနေ့ တလုံးမှ မရောင်းရတော့ပါဘူး" လို့ ပြောပါတယ်။
အခုခေတ်မှာ စီးပွားရေးလုပ်တာ အက်တာနက်နဲ့သာ အလုပ်လုပ်နေကြတာဖြစ်ပြီး အခုလို အင်တာနက်ပိတ်လိုက်တဲ့အတွက် အလွန်စိတ်ပျက်ရတယ်လို့ မောင်တောနယ်စပ် ဖုန်းဆိုင်တခုမှ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။
"အခုခေတ်က အရင်တုန်းနဲ့ မတူတော့ဘူးလေ၊ အကုန်လုံးက Online နဲ့ အလုပ်လုပ်နေကြတာ။ ကမ္ဘာကြီးက ရွာဖြစ်နေပြီ၊ အင်တာနက်ကို ပိတ်လိုက်တော့ အလုပ်လုပ်ရတာ နှောင့်နှေးရတယ်။ အရင်တုန်းကလည်း သုံး လေးလလောက် အင်တာနက်ပိတ်တာ ခံခဲ့ရပြီးပြီ။ အဲဒီတုန်းက တော်တော်လေး အခက်အခဲ တွေ့ခဲ့ရတယ်။ အခုအခါ ပိတ်ပြန်ပြီဆိုတော့ အများကြီး စိတ်ပျက်ရပါတယ်။"
ရခိုင်ပြည်နယ်မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာလအစောပိုင်းမှာ မြို့နယ် ၅ မြို့နယ်ကို အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့အား ပိတ်ထားဆဲ ဖြစ်ပါတယ်။
အခုကြိမ်မှာတော့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး၊ မိုင်တဲလ် ဖုန်းလိုင်းတွေကို ဖေဖော်ဝါရီ ၃ ရက် နေ့ကစပြီး အင်တာနက် ဖြတ်တောက်လိုက်တာပါ။
လင်းလတ်