DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးတောင်းသည့် Spring Moon အထည်ချုပ်စက်ရုံလုပ်သားများကို တရားစွဲမည်ဟု ခြိမ်းခြောက်
ဇွဲသစ်
·
August 6, 2026
Spring Moon အထည်ချုပ်စက်ရုံ လုပ်သားများ။ (Photo: STUM)
Spring Moon အထည်ချုပ်စက်ရုံ လုပ်သားများ။ (Photo: STUM)
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Spring Moon အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ အချိန်တလနီးပါး စုပေါင်းတောင်းဆိုနေတဲ့ အလုပ်သမားတွေကို လုပ်ငန်းရှင်ဘက်က တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်တာကြောင့် အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ က Spring Moon Garment Manufacturing အထည်ချုပ်စက်ရုံမှာ လုပ်ခလစာနဲ့ ခံစားခွင့် တိုးမြှင့်ပေးရေးအတွက် ဇူလိုင် ၈ ရက်ကတည်းက စတင်တောင်းဆိုနေတဲ့ အလုပ်သမားတွေဟာ ဩဂုတ် ၅ ရက်အထိ စုပေါင်းတောင်းဆိုမှုကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။

အလုပ်သမားတွေဟာ တရက်လုပ်အားခ ကျပ် ၁၃,၀၀၀ ၊ အချိန်ပိုကြေး ကျပ် ၂,၅၀၀ ၊ ရက်မှန်ကြေး ကျပ် ၅၀,၀၀၀ နဲ့ ကျွမ်းကျင်ကြေး တိုးပေးဖို့ အပါအဝင် အချက် ၉ ချက် တောင်းဆိုနေတာ ဖြစ်ပါတယ်။

အလုပ်ရှင်ဘက်ကတော့ ဒေးကြေး ကျပ် ၁၁,၀၀၀ နဲ့ အချိန်ပိုကြေး  ကျပ် ၂,၂၀၀ သာ ပေးတာကြောင့် အလုပ်သမားတွေနဲ့ သဘောတူညီမှု မရသေးပါဘူး။

တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေထဲမှာ နေမကောင်းလို့ ပျက်ကွက်သူတွေကို ပြင်ပစက်ရုံမှာ အလုပ်သွားလုပ်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုမယ်လို့ စက်ရုံဘက်က ခြိမ်းခြောက်တာကြောင့် အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။

Spring Moon အထည်ချုပ် စက်ရုံ အလုပ်သမတယောက်က “မနေ့က စာရင်းတွေ လာကောက်တယ်။ ဒီအပြင်မှာ တောင်းဆိုမှု လုပ်နေတဲ့အချိန်မှာ ဘေးစက်ရုံမှာ သွားဆင်းတယ်လို့ သတင်းကြားတယ်ဆိုပြီး စွပ်စွဲပြောတယ်။ အဲဒီလိုမျိုး ဆင်းတယ်ဆိုရင် သူတို့ဘက်က တရားစွဲပြီး အရေးယူမယ်လို့ ခြိမ်းခြောက်တာပေါ့။ တကယ်တော့ အဲ့လိုမျိုးလူ မရှိဘူး။ နေမကောင်းတဲ့သူပဲ ရှိတာ။ စိုးရိမ်တာကတော့ အခု နေမကောင်းတဲ့သူတွေပေါ့။ အဲဒါကြောင့်မို့လို့ ၁ ရက်ကနေ ၂ ရက်အပြင် ပိုမပျက်ရအောင်လို့ ပြောထားတယ်။ ဒီလိုမျိုး တောင်းဆိုမှုလုပ်နေတဲ့ အချိန်မှာလည်း အလုပ်တွေ ထုတ်ပစ်မှာ စိုးရိမ်တယ်။ အခုက ရက်ရှည်ဖြစ်တော့ ပိုပြီး စိုးရိမ်တာပေါ့။ ညီမတို့ လိုချင်တဲ့ ပမာဏက ဒေးကြေးကို ၁၃,၀၀၀ တောင်းတယ်။ ၁၃,၀၀၀ မရရင်တောင် ၁၂,၀၀၀ ဆို အဆင်ပြေတယ်။ သူတို့ဘက်က တိုးပေးထားတာကျတော့ ဒေးကြေး ၁,၀၀၀ နဲ့ OT ကြေး ၂၀၀။ အဲဒါပဲ တိုးပေးတယ်။ ကျန်တဲ့ ၉ ချက်စလုံး ကျန်တာ ဘာမှမရဘူး” လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ ပြောကြားချက်အရ ဩဂုတ် ၄ ရက်နေ့မှာ ညှိနှိုင်းမှု မရှိခဲ့ပေမဲ့ လုပ်ငန်းရှင်ဘက်က တိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေကို စက်ရုံအတွင်း ခေါ်ယူပြီး စွပ်စွဲချက်တွေ တင်ပြခဲ့သလို ဦးစီးဌာနဘက်ကလည်း အလုပ်သမား ကိုယ်စားလှယ်တွေကို ဖိအားပေး ပြောဆိုခဲ့တာကြောင့် အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ကတော့ အခုလို စုပေါင်းတောင်းဆိုတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို မစုံစမ်းဘဲ လုပ်ငန်းရှင်ရဲ့ စွပ်စွဲချက်အတိုင်း ဖိအားပေးတာဟာ မသင့်လျော်ဘူးလို့ ထောက်ပြပါတယ်။

STUM - အဖွဲ့ချုပ် တာဝန်ရှိသူတယောက်က “ကျမတို့က အဲဒီလို ခြိမ်းခြောက်မှုမျိုးကို ကန့်ကွက်တယ်။ ဥပမာ လုပ်ငန်းရှင်ကပေါ့နော်၊ တခြားတယောက်က ပြောလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် ပြောခဲ့တယ် ဆိုလို့ရှိရင်တောင်မှ ဥပဒေကို စိစစ်နေတဲ့ ဦးစီးဌာနအနေနဲ့ ဒါက ဟုတ်လား မဟုတ်ဘူးလား၊ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား အလုပ်သမားကို မေးမြန်းပြီးမှ စွပ်စွဲ အပြစ်တင်တာ အဲဒီလို ပြောသင့်တယ်။ အခုကျတော့ ဘာမှလည်း မစစ်ဆေး မမေးမြန်းဘဲနဲ့ လုပ်ငန်းရှင်ဘက်က အဲလိုတင်ပြတာနဲ့ ချက်ချင်း အလုပ်သမားပေါ်မှာ အဲဒီလို ဖိအားပေး ခြိမ်းခြောက်တာမျိုးကိုတော့ ကျမတို့က မကြိုက်ဘူး။ အဲဒါမျိုး လုပ်ရပ်ကိုတော့ ကန့်ကွက်တယ်။ ပြီးရင်လည်း အလုပ်သမားက No work, No pay  ယူပြီးတော့ စုပေါင်းတောင်းဆိုမှု လုပ်နေတာလေနော်။ တလစာယူတယ်လို့ ပြောရအောင်လည်း ဒီစက်ရုံဘက်က လစာပေးထားတာလည်း မဟုတ်ဘူးပေါ့။ မတရားစွပ်စွဲချက်တွေ မတရားဖိအားပေးတာတွေကြောင့် အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ပြီး တရားစွဲမယ်ဆိုရင်တော့ ကျမတို့ မရှိ၊ ရှိတာကို ပုံအောပြီး အလုပ်သမားဘက်က ခုခံကာကွယ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုကို ညှိနှိုင်းဖို့ ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ ထပ်မံချိန်းဆိုထားပေမဲ့ အလုပ်ရှင် မရောက်သေးတာကြောင့် ညှိနှိုင်းမှု မလုပ်သေးဘဲ လုပ်ငန်းရှင် ရောက်ရှိလာတဲ့အချိန်မှသာ ဆက်လက် ဆွေးနွေးဖို့ နှစ်ဖက် သဘောတူထားကြပါတယ်။

Spring Moon Garment စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး လက်ရှိ စုပေါင်းတောင်းဆိုမှုမှာ အလုပ်သမား ၁၃၅ ယောက် ပါဝင်နေပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ စုပေါင်းတောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေအပေါ် ဖိအားပေး ခြိမ်းခြောက်တာတွေ မရှိဘဲ လွတ်လပ်တဲ့ ညှိနှိုင်းရေး ပတ်ဝန်းကျင်တခု ရှိမှသာ လုပ်ငန်းခွင် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013