DVB Logo
Home
Lead Story
အွန်လိုင်းပေါ်က တော်လှန်ရေးဆရာကြီးများ အန္တရာယ်
လင်းဆက်ငြိမ်းချမ်း
·
May 21, 2026
အွန်လိုင်းပေါ်က တော်လှန်ရေးဆရာကြီးများ အန္တရာယ်
Donate to DVB

ရှေးသရောအခါကတည်းက ရင်းချာခဲ့တဲ့ အသက် ၂၅ အရွယ် လူငယ်တယောက်က သူလည်း နိုင်ငံရေး လုပ်နေပြီလို့ ဆိုလိုက်တော့ စိတ်ထဲမှာ အလိုလို ကျေနပ်သွားတယ်။

ဒါပေမဲ့ စစ်အုပ်စု ထိန်းချုပ်နယ်မြေထဲမှာနေပြီး နိုင်ငံရေးလုပ်နေတာဆိုတော့ သေနတ်မကိုင်ဘဲ လက်သုံးချောင်းထောင် တိုက်ပွဲဝင်လည်း အငြိုးတကြီး ထောင်နှစ်ရှည်ချနေတာကြောင့် အထူးသတိထားဖို့ မှာမိတယ်။

ပြီးတော့ သေနတ်ကိုင်နေသလား၊ သပိတ်တိုက်ပွဲ ဆင်နွှဲနေတာလားလို့ ထပ်မေးမိတော့ ကီးဘုတ် ကိုင်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ လုပ်နေတာလို့ ပြန်ဖြေတာကြောင့် ကျနော် ပါးစပ်အဟောင်းသား ဖြစ်ရတယ်။

“အဖွဲ့တွေ ဘာတွေနဲ့ လုပ်ရင် အာရုံနောက်စရာတွေက များလို့ ကိုယ့်ဘာသာ တယောက်တည်းပဲ လုပ်တယ်” လို့ သူက ဆိုတယ်။

ကျနော်က ၂၀၀၉ ခုနှစ်လောက်ကတည်းက မြန်မာ့မီဒီယာပလက်ဖောင်းပေါ်မှာ နိုင်ငံရေးနဲ့ ရသအတိုအထွာ ထင်ရာမြင်ရာ လျှောက်ရေးနေတာ ဒီနေ့ထိတိုင် မနည်းလှပေမဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးဆောင်းပါးရှင်အဆင့်ထက် ပိုမမြင်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဆိုတာ နိုင်ငံရေးသိပ္ပံကို ကျေညက်နေရုံတင်မက လက်တွေ့ နိုင်ငံရေးဖြတ်သန်းမှုလည်း အားကောင်းလှတဲ့ ပညာရှင်အဆင့်မျိုးမှ လုပ်နိုင်တဲ့အရာလို့ နားလည်ထားတာ ဆိုတော့ ကျနော် ဘာဆက်ပြောရမယ်မှန်း မသိ။

“ဦးလေး ကျနော့် သုံးသပ်ချက်တွေကို လေ့လာလို့ရအောင် ကျနော့်အကောင့် ပို့လိုက်မယ်” လို့ဆိုကာ တကိုယ်တော် လူငယ်လေးရဲ့ မက်ဆေ့ချ်နဲ့ ဖေ့စ်ဘွတ်ခ်လင့် ရောက်လာလို့ ကျနော် လက်မထောင်ပြလိုက်တယ်။

သူ့ တော်လှန်ရေးဖေ့စ်ဘွတ်ခ်ထဲ ကပျာကယာ ဖွင့်ကြည့်လိုက်တော့ လေး ငါး ဆယ်ကြောင်းလောက် ရှိတဲ့ စာသားတွေနဲ့ ကြိမ်းမောင်းထားတာတွေချည်း။ များသောအားဖြင့် ကိုယ့်အချင်းချင်း လက်ညှိုးငေါက်ငေါက်ထိုး ရန်ရှာ ကြိမ်းမောင်းထားတာတွေက များပ။ တခုခု မဖြစ်လိုက်နဲ့၊ ဖြစ်လိုက်ပြီဟေ့ဆို နိုင်ငံရေး သုံးသပ်သူလေးကလည်း သူ သိသလောက်နဲ့ စကားလုံး ကြီးကြီးကျယ်ကျယ်တွေနဲ့ လေသံအပြင်းစားတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် မုန်တိုင်းဆင်။ သင်္ကြန်သံချပ်က စလို့ ဖက်ဒရယ်အဆုံး။ အီရန်စစ်ပွဲတောင် ပါလိုက်သေး။ ပျိုမျစ်အရွယ်မှာပဲ နိုင်ငံရေးတရားထူး ရနေသူတဦးပမာ မသိ၊ မရှိ ဆိုတာချည်း။

သူ ရေးထားတဲ့ ပို့စ်အောက်မှာလည်း လက်သီးလက်မောင်းတန်း အားပေးနေသူတွေကို တွေ့ရတယ်။ အထူးသဖြင့် ကိုယ့်လူချင်း မညှာမတာ တိုက်ခိုက်တဲ့ ပို့စ်တွေအောက်မှာ comment တွေလည်း ဝေဝေဆာဆာ၊ Like လည်း လေး ငါးရာ။ ကိုယ်တွေ တလေးတစားရှိလှတဲ့ စာရေးဆရာကြီး တဦးကိုတောင် ကွန်မြူနစ်ပျက် ဘာညာဆိုပြီး ငေါက်ငမ်းထားသေးတာ ဆိုတော့ “ကျနော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း” ဆိုတဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ညည်းတွားသံကို သတိရမိတယ်။

အရင့် အရင် ကျနော့်အမြင်မှာ ယဉ်ကျေးသိမ်မွေ့မှုရှိခဲ့တဲ့ ဒီလူငယ်လေးကို ဘယ်လို အကြောင်းရင်းတွေက ခက်ထန်အောင် မွမ်းမံလိုက်သလဲလို့ ကျနော်နဲ့နီးတဲ့ သူ့အသိုက်အဝန်းကြား စုံစမ်းကြည့်မိတယ်။ အဓိကပြဿနာက လူငယ်များစွာ ရင်ဆိုင်နေရတဲ့ အနာဂတ်ပျောက်ဆုံးမှုလို့ပဲ ဆိုရမယ် ထင်တယ်။

ဒီလူငယ် အတန်းပညာက ၁၀ တန်းအဆင့် ဆိုပေမဲ့ အာဏာသိမ်းကာလအတွင်း အင်္ဂလိပ်စာကို ဖိဖိစီးစီး လုပ်ခဲ့တာကြောင့် နိုင်ငံတကာသတ်မှတ်ချက် အလယ်အလတ်အဆင့်ထက်တောင် ကျော်နေပြီ။ ပုံမှန်အခြေအနေမှာ ရှေ့ဆက်လှမ်းစရာ လမ်းတွေ များနိုင်ပေမဲ့ စစ်အာဏာရှင်ပေးတဲ့ ဒုက္ခရောင်စုံတွေရဲ့ကြား မြို့ပြမှာ အလုပ်လက်မဲ့။ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ဖို့ ဆိုတာကလည်း လေဆိပ်ထဲ အရိပ်ကလေးသီဖို့တောင် မဖြစ်နိုင်တော့တဲ့အခြေ။ ပြီးတော့ ပေါ်တာကြောင့် လက်ဖက်ရည်ဆိုင်လေး ဘာလေးတောင် စိတ်ဖြောင့်ဖြောင့်နဲ့ မထိုင်ရဲတော့တာ ဆိုတော့ အချိန်တိုင်းလိုလိုက အိမ်ထဲမှာ ကျီးလန့်စာစား ပိတ်မိလို့။ အဲဒါတွေက သူ့ရင်ဘတ်ထဲ ဆူးတောင်တွေ တချောင်းပြီးတချောင်း ထွက်လာတဲ့ပုံ။

ပြီးတော့ လက်လှမ်းမီသလောက် စာလေး ဘာလေး ဖတ်မှတ်ထားပြီး စစ်အာဏာရှင်ကို မြေပြင်မှာ တိုက်ပွဲဝင်နိုင်ခြင်း မရှိတာကြောင့် ကီးဘုတ်ပေါ်ကနေ တိုက်ပွဲဝင်ရင်းနဲ့ ရေစီးကြောင်းတခုလို ဖြစ်လာနေတဲ့ ရန်သူပျောက်နိုင်ငံရေးထဲ နစ်ကာ အချင်းချင်း လက်ညှိုးထိုး အပြစ်ရှာခြင်းမှာ အရသာတွေ့နေတဲ့ပုံ။

တလောကလည်း NUG အစိုးရနဲ့ ထောက်ပို့တွေကို ပုတ်ခတ်ထားခြင်းမရှိ၊ အချင်းချင်း သွေးကွဲစေမဲ့ စကားတွေ မပါ၊ ဘုံရန်သူကိုသာ အဓိက မီးမောင်းထိုးပြထားတဲ့ သံချပ်လို့ ကြော်ငြာထိုးထားတဲ့ သံချပ်အပေါ် နွေဦးကို အကြောင်းပြုလို့ အမေရိကန်သို့ ရောက်ရှိခိုလှုံနေသူ လူငယ်တဦးက အဲဒါ သံချပ်လား ဆိုပြီး အမေရိကန်ကနေ လှမ်းငေါက်ငမ်း အပြစ်ရှာတာ တွေ့ခဲ့သေးတယ်။ NUG အစိုးရကိုမှ ဝေဖန်ထားတာ မပါရင် သံချပ်မမည်တဲ့ပုံ။ အဲဒီလို ကီးဘုတ်ပေါ် ဓားကြိမ်း ကြိမ်းနေသူတွေ ဒီဘက်နှစ်တွေမှာ သိပ်များလာတာလည်း တွေ့ရတယ်။

လူငယ်တွေမို့ အကဲဆတ်မှု အလီလီနဲ့ ဓားကြိမ်း ကြိမ်းနေကြတာလား ဆိုတော့ သူ့ထက်ကဲတဲ့ လူကြီးတချို့ကလည်း အွန်လိုင်းပေါ် ဒေါသကြီးနေလိုက်တာများ ရှေ့နေကြီးတယောက်ဆို ထိန်းမနိုင် သိမ်းမရ။ အရင်က ငွေကြေးအဆင်ပြေခဲ့တဲ့ မိတ်ဆွေကြီးတဦး ဆိုရင်လည်း ပြည်ပြေးဘဝမှာ ရှိတာတွေ ရောင်းချစားနေရတာ ကြာလာတော့ တော်လှန်ရေးအပေါ်မှာပင် အဆိုးမြင်စိတ်တွေ ဝင်ကာ အကဲဆတ် ရန်ရှာခြင်းအတတ်နဲ့ အာသာဖြေနေတာ တွေ့ရတယ်။

အဆိုးရွားဆုံးကတော့ ခိုင်မာတဲ့ အချက်အလက် အထောက်အထား မရှိဘဲ မထိန်းနိုင်တဲ့ ဆန္ဒစွဲအပေါ် မဏ္ဍိုင်ပြုကာ ရမ်းကားတိုက်ခိုက်မှု။ တချို့က နာမည်ကြီး တော်လှန်ရေးထောက်ပို့တွေကို တော်လှန်ရေးရန်ပုံငွေ ခိုးတယ်၊ ရာခိုင်နှုန်း ဖြတ်စားတယ် စသဖြင့် အွန်လိုင်းတိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ကြပေမဲ့ ထုတ်ပြစရာ သက်သေအချက်အလက် ခိုင်ခိုင်မာမာ မရှိ။ တချို့က NUG အစိုးရဝန်ကြီးတွေ အမေရိကန် ထောက်ပံ့ငွေကို အလွဲသုံးစားလုပ်ကာ အမေရိကန်မှာ ဇိမ်ခံနေကြတယ်လို့ စွပ်စွဲတယ်။

ဒါနဲ့ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ အမေရိကန်အခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ထုတ်ပြန်ထားတဲ့ “USG Humanitarian Funding for the Burma Complex Emergency Response in FY 2024” ကို ထုတ်ပြပြီး အမေရိကန်အကူအညီ NUG အစိုးရ တပြားမှမရကြောင်း ရှင်းပြခဲ့တယ်။

အဲဒီလို ခိုင်လုံတဲ့ ရှင်းပြချက် ထွက်ပေါ်လာပေမဲ့ ရမ်းသန်းစုံကန်း တိုက်ခိုက်ခဲ့သူတွေက မှားယွင်း တိုက်ခိုက်မိကြောင်း ထုတ်ဖော်ဝန်ခံခြင်း မရှိသလို တချို့ဆို မှားမှန်းသိလျက်နဲ့ ဆက်လက် ရမ်းကားနေတာ တွေ့ရတယ်။

မဟုတ်မမှန် တိုက်ခိုက်နေသူတွေထဲမှာ တော်လှန်ရေးအင်အားစုထဲ အယောင်ဆောင် ဝင်ရောက် သပ်လျှိုနေတဲ့ စစ်အုပ်စုဝင်တွေ ပါသလို စစ်အုပ်စုကို အမှန်တကယ် ဆန့်ကျင် တော်လှန်ခဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရတယ်။ စစ်အုပ်စုကို တော်လှန်ခဲ့သူတွေက ဘာကြောင့် တော်လှန်ရေးအင်အားစုကြား မဟုတ်မမှန် အချက်အလက်တွေနဲ့ တိုက်ခိုက်နေရတာပါလဲ။

နံပါတ်တစ်အချက်က တော်လှန်ရေးလုပ်ချင်ယောင် ဆောင်ကြခြင်းပါပဲ။ တော်လှန်ရေးထဲက မလိုလားအပ်တဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းပေးနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်လှန်ရေး အကျိုးစီးပွားအတွက် မထောက်မညှာ ပြောနေရတာလိုလို ဒီလို ရှုပ်ထွေးမှုတွေကြောင့် ဒီတော်လှန်ရေးကြီးကိုပဲ စိတ်ပျက်မိတာလိုလို။ နံပါတ် ၂ အချက်ကတော့ တော်လှန်ရေးထဲမှာ မပါဝင်တော့ပေမဲ့ အရေးပါချင်စိတ်က သိပ်များနေတော့ သိမှု တတ်မှု နိုင်ငံရေးပညာ မနေသာလို့ ဖြန့်ချိပေးနေသလိုနဲ့ လူရာဝင်မလားဆိုတဲ့ အိပ်မက်အပြည့်၊ ကိုယ့်ကိုယ်ကိုယ် ပရိုမိုးရှင်း။

အဲဒီလို နွေဦးတော်လှန်ရေးမှာ အရေးပါချင်သူက သိပ်များနေပြီး အရေးပါခွင့် မရတဲ့အခါကျတော့ ကိုယ့်ဘာသာ လူရာဝင်မလားဆိုပြီး အွန်လိုင်းပေါ်မှာ “တော်လှန်ရေး စဆရက” လုပ်နေတာတွေကို တော်တော်မြင်လာရတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာချင်း အငြင်းပွား၊ ရန်ဖြစ်ကြတာတွေကို အရေးပါချင်ကြတာကြောင့် ဖြစ်တာလို့ ခပ်စောစောကာလကတည်းက မှတ်ချက်ပေးခဲ့ဖူးတယ်။ လူတိုင်းဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရင် အရေးပါသူ မဟုတ်လည်း တန်ဖိုးရှိပြီးသားပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အရာဆိုတာ လူတဦးချင်းစီအလိုက် လုပ်နိုင်စွမ်းတဲ့ အကျိုးပြုမှု တစုံတရာ။

ဒီနေ့ခေတ် ဖုန်းအင်တာနက် ရှိသူတိုင်းက ကလောင်တချောင်း ပိုင်သလို ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကလောင်ကိုယ် တန်ဖိုးရှိစွာ၊ တာဝန်ခံမှုရှိစွာနဲ့ အသုံးချကြဖို့ လိုပါမယ်။ တော်လှန်ရေး အင်အားစုများကြား ညီညွတ်ကြဖို့ အရေးတကြီး တောင်းဆိုနေတဲ့ အခုလိုအချိန်မှာ ရန်သူထက် ရန်သူ ပိုဆန်နေတဲ့ လက်ညှိုးငေါက်ငေါက်ထိုး ပြဿနာဟာ တော်လှန်ရေးအတွက် ထိခိုက်ရှနာ ဖြစ်စေနိုင်တာ အထူးသတိပြုကြဖို့ လိုပါမယ်။

ဆရာဒဂုန်တာရာက နိုင်ငံရေး ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာလို့ ဖွင့်ဆိုခဲ့ဖူးတယ်။ ကိုယ့်ရဲ့ အရေးအသား၊ ကိုယ့်ရဲ့ နိုင်ငံရေးက မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်နေတာလားလို့ ‘တော်လှန်ရေး စဆရက’ များ ခေါင်းအေးအေးထား သုံးသပ်စေလိုပါတယ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013