ရခိုင်ပြည်နယ် ၄ မြို့နယ်တွင် အင်တာနက် ထပ်မံဖြတ်တောက်
DVB
·
February 4, 2020

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၄ မြို့နယ်မှာ ဖေဖော်ဝါရီ ၃ ရက် ညက အင်တာနက် အသုံးပြုခွင့် စတင်ဖြတ်တောက်လိုက်ကြောင်း ဆက်သွယ်ရေးအော်ပရေတာတွေဆီ စာပို့လာတယ်လို့ အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်တွေကို MPT ၊ Ooredoo နဲ့ Telenor တို့က အင်တာနက်ဖြတ်တောက်ထားပြီး Ooredoo က အင်တာနက် ဖြတ်တောက်မယ်လို့ အသုံးပြုသူတွေကို စာပို့လာပြီးနောက်မှာ အသုံးပြုမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “မနေ့ည ၁၀ နာရီလောက်က စပြီးတော့ အင်တာနက်လိုင်းတွေ ပိတ်တယ်လို့ ကြားတယ်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံရယ်ပေါ့နော်။ အမ်းဘက်ကိုတော့ ကျနော် လှမ်းပြီးတော့ မဆက်သွယ်ရသေးဘူး။”
ပြီးခဲ့တဲ့လပိုင်းတွေက အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့တဲ့ မြို့နယ်တွေကို လပိုင်းအနည်းငယ်သာ အသုံးပြုပေးခဲ့ပြီးနောက် အခုလိုနောက်တဖန် အင်တာနက် အသုံးပြုခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ကျနော်တို့ဘက်က နစ်နာတာတွေကတော့ မြေပြင် ပကတိအခြေအနေကို မသိနိုင်တော့ဘူးပေါ့။ သတင်းမှောင်အချခံရတယ်။ သတင်းအမှောင်ချခံရတဲ့အခါမှာ ဒီလို လုပ်ကြံတဲ့သတင်းတွေပို ပြီးတော့ များလာတက်ပါတယ်။ ပိုပြီးတော့လည်း မုန်းတီးမှုတရားတွေ သတင်းတင်လို့ရတဲ့ နေရာတွေက မြေပြင်ရဲ့အခြေအနေရဲ့ ကွဲလွဲပြီးတော့ အမှန်တရားကို ထိမ်ချန်ပြီးတော့ သတင်းမှားတွေ လွှင့်ထုတ်ဖို့ ပိုပြီးတော့ အခွင့်အလမ်းရစေတယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အမုန်းတရားဖြန့်ချိမှု အကြောင်းပြချက်နဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်း အရင်ကတည်းက အင်တာနက် အသုံးပြုခွင့်ကိုပိတ်ထားခဲ့ပြီး လက်ရှိပိတ်လိုက်တဲ့ မြို့နယ် ၄ မြို့နယ်နဲ့ပေါင်း စုစုပေါင်း ၈ မြို့နယ်မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခံထားရပါတယ်။
ဝဏ္ဏခွာညို