တောင်ကုတ်တွင် ခရီးသည်တင်ယာဉ်နောက်ပြန်လိမ့်ကျ၊ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
February 3, 2020
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ သံတွဲမြို့ကိုသွားတဲ့ ခရီးသည်တင်ယာဉ်တစီး ဖေဖော်ဝါရီ ၂ ရက် ညနေက ဖုံညိုတောင်အတက်မှာ စက်ရပ်ကာ နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အမျိုးသမီး တဦး သေဆုံး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိသွားပြီး တဦးက စိုးရိမ်ရတယ်လို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။
“တောင်ကုတ်ရယ် သံတွဲရယ်လိုင်းကားပါ။ တောင်ကုတ်ကနေပြီးတော့ သံတွဲကို ညနေ ၅ နာရီလောက်ကို ထွက်တာပေါ့။ တောင်ကုတ်ကအထွက် ကုန်းအတက်ကို မတက်နိုင်လို့ နောက်ပြန်လိမ့်ကျတာပေါ့။ အမျိုးသမီးတယောက် ဆုံးသွားတယ်။ အမျိုးသမီးက ကြောက်ပြီး ကားပေါ်ကနေ ခုန်ချလိုက်တော့ နောက်ဘီးနဲ့ အကျိတ်ခံရတယ်လို့ပြောတယ်။ ကျန်တာတော့ ယောက်ျားတယောက်ကလည်း စိုးရိမ်ရတယ်။ ဦးခေါင်းဒဏ်ရာထိတယ်၊ နောက်တယောက်လည်း ဒဏ်ရာရသွားတယ်။”
အဆိုပါလိုင်းကားပေါ်မှာ ခရီးသည်စုစုပေါင်း ၂၀ ဝန်းကျင် လိုက်ပါလာပြီး ကားနောက်ပြန် လိမ့်ကျခဲ့တာကြောင့် မခိုင်လေးဆိုတဲ့အမျိုးသမီး သေဆုံးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးအား ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို တောင်ကုတ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားတယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
နောင်နောင်