DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပြီးသွားသူများကို အလုပ်အကိုင်ပေးမည်ဆိုကာ စစ်တပ်ထဲ ပြန်ဝင်ခိုင်းနေ
DVB
·
September 23, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမယ်လို့ စစ်အာဏာရှင်တပ်က ဆိုထားပေမဲ့ လက်တွေ့မှာတော့ စစ်တပ်ထဲမှာသာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဟောပြော စည်းရုံးနေတယ်လို့ သင်တန်းဆင်းခဲ့ပြီးသူတွေက ပြောပါတယ်။

စစ်မှုထမ်းပြီးဆုံးကြောင်း လက်မှတ်ရပြီး တလအတွင်း ပြန်လည်ဝင်ရောက်မယ်ဆိုရင် မိမိသွားချင်တဲ့ တပ်စခန်းတွေကို စိတ်ကြိုက်ရွေးချယ်လို့ရပြီး စာချုပ် ၃ နှစ်နဲ့ ချုပ်ဆိုပေးမယ်လို့ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၅ ပြီးဆုံးသွားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတယောက်က “အဲ့နေ့က တပ်ပေါင်းစုံက လာကြတာလေ၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဘာတခုမှ မပြောသွားဘဲ တပ်ထဲနေဖို့ပဲ ဟောပြောစည်းရုံးတာ။ ထောက်ပို့၊ စစ်မြေပြင်အင်ဂျင်နီယာ၊ သံချပ်ကာ၊ နယ်လှည့် ဆက်ဆံရေးတပ်၊ စုဆောင်းရေးတပ်၊ စစ်လက်နက်ပစ္စည်းတပ်ဆင်ရေးတပ်၊ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရဲတပ်ဖွဲ့လည်း ပါတယ်၊ ရေတပ် လေတပ် ခြေလျင် ခြေမြန် တခြားအဖွဲ့တွေလည်း ရှိသေးတယ်။ အဲ့ထဲက ကိုယ်သွားချင်တဲ့တပ်ကို ရွေးခွင့်ပေးထားတယ်။ စာချုပ်ပြည့်ရင်လည်း လွတ်လွတ်လပ်လပ် ပြန်ထွက်လို့ရတယ်ပေါ့။ သန္ဓေလုပ်မယ်ဆိုလည်း လုပ်လို့ရတယ်ပေါ့။ တလအတွင်း ပြန်ဆက်သွယ်မှ အဲ့အခွင့်အရေးကရမှာ၊ တလကျော်ပြီးမှဆို မရဘူး၊ အဲ့လိုပြောတယ်” လို့ ပြောပါတယ်။

တချို့တွေကလည်း တပ်ထဲပြန်ဝင်ဖို့ ရွေးချယ်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးတယ်လို့ ဆိုပါတယ်။

တလအတွင်း ပြန်လည်ဆက်သွယ်ပြီး တပ်ထဲဝင်ရောက်မဲ့သူတွေကိုလည်း စစ်မှုထမ်းကာလ ၂ နှစ်ကို စစ်သက်လုပ်သက်ထဲ ထည့်ပေါင်းပေးမယ်လို့ တပ်တွင်းအရာရှိတွေက ပြောတယ်လို့ စစ်မှုထမ်းပြီးခဲ့သူတွေဆီက သိရပါတယ်။

နောက်ထပ် စစ်မှုထမ်းပြီးဆုံးသွားခဲ့တဲ့ ရန်ကုန်တိုင်းက အမျိုးသားတယောက်က “ပြန်ဝင်မယ်ပြောတာ ၁၀ ယောက်တောင် မရှိပါဘူး အရမ်းနည်းတယ်။ သူတို့ပြောထားတဲ့ သတ်မှတ်ကာလ တလအတွင်း မဆက်သွယ်ဘဲ တလကျော်မှာ ပြန်ဝင်ချင်တယ်ဆို အခြေခံ စစ်သင်တန်း ၆ လကို ပြန်တက်ရလိမ့်မယ်၊ ပြီးရင် တပ်ကချပေးတဲ့နေရာကို သွားရမယ်၊ ရှေ့တန်းကို ပါမလား၊ မပါလားတော့ သေချာမသိဘူး။ အလုပ်ကိစ္စကတော့ ဘယ်သူမှကိုမသိတာ၊ သူတို့လည်း မပြောလိုက်ဘူး” လို့ ပြောပါတယ်။

စစ်တပ်ထဲပြန်ဝင်ဖို့ ဟောပြောစည်းရုံးနေချိန်မှာ စစ်မှုထမ်းလုပ်သက်ပြီးတဲ့သူတွေကတော့ အလုပ်အကိုင် ရှားပါးနေတာကြောင့် ပြင်ပမှာ ရပ်တည်နိုင်ဖို့အတွက် အလုပ်အကိုင် အတည်တကျ ဖန်တီးပေးဖို့ကိုသာ မျှော်လင့်နေကြတာပါ။

စစ်အာဏာရှင်အစိုးရကတော့ အလုပ်အကိုင်ရရှိဖို့ အတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ဖွင့်လှစ်ထားတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို တက်ရောက်နိုင်ဖို့ အစိုးရဝန်ထမ်း အပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ဖို့နဲ့ သူတို့ရဲ့ ရပ်ရွာတွေမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ဖို့အတွက် ဆိုပြီး စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ဖော် ပြောထားပါတယ်။

မြေပြင်မှာတော့ စစ်မှုထမ်းပြီးမြောက်လို့ အိမ်ပြန်လာကြသူတွေကို စစ်တပ်က သူတို့ ပြောဆိုထားသလို ပြင်ပလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။

စက်တင်ဘာ ၂၈ ရက်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၅ မှ ပြည်သူ့စစ်မှုထမ်းတွေဟာ သတ်မှတ် စစ်မှုထမ်းကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013