ဧရာဝတီတိုင်းတွင် ကျပ် ၇ ဘီလီယံကျော် အသုံးပြုပြီး တာတမံ မိုင် ၄၀၀ ကျော်ပြုပြင်မည်
DVB
·
February 2, 2020

ဧရာဝတီတိုင်းအတွင်း ငွေကျပ် ၇ ဘီလီယံကျော် အသုံးပြုပြီး တာတမံ မိုင်ပေါင်း ၄၀၀ ကျော်ကို ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြောပါတယ်။
တာတမံ မိုင်ပေါင်း ၄၀၀ ကျော်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရရှိတဲ့ တိုင်းဒေသကြီး ရန်ပုံငွေက ငွေကျပ်သန်းပေါင်း ၇၀၇၄ ဒသမ ၈၄၀ အသုံးပြုပြီး တာပြုပြင်ထိန်းသိမ်းတာတွေကို လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကြည်ဆွေက ပြောပါတယ်။
“တိုင်းအတွင်းက ရေဘေးကာကွယ်ရေး အဓိကတာကြီး ၈ ခု ဖြစ်တဲ့ တာတွေထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့ တာတမံတွေထဲက အားနည်းထဲ နေရာ ၃၈ နေရာကို မိုးမကျမီ အပြီးတည်ဆောက်သွားမယ်။”
တာတမံတွေထဲက အားနည်းတဲ့အပိုင်းတွေကို တာမြှင့်တာ၊ တာခြေထောက်တာ၊ တာပုံစံကျ ပြုပြင်တာနဲ့ ပန်းတာတည်ဆောက်လုပ်တဲ့ လုပ်ငန်းတွေကို ဆောက်လုပ်သွားမှာ ဖြစ်ပြီး မိုးရာသီ ရေကြီးရေလျှံမှုနဲ့ အန္တရာယ်မဖြစ်စေနိုင်သလို လုံခြုံမှု ပိုမိုရရှိစေနိုင်မယ်လို့ သိရပါတယ်။
တာတမံတွေ တောင့်တင်းခိုင်မာမှု ရှိလာမှုကြောင့် မိုးရာသီ ရေကြီးရေလျှံမှုကို ပူပန်ကြောင့်ကြမှုရှိဖို့ မလိုတော့ဘဲ တိုင်းအတွင်းက မြို့နယ် ၁၇ မြို့နယ်ထဲက စပါးနဲ့ ပဲမျိုးစုံ စိုက်ပျိုးတဲ့ လယ်ယာစိုက်ပျိုးမြေ ဧကပေါင်း ၁၀၆၇၄၆၄ ကို အကျိုးပြုနိုင်မယ်လို့ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
တာတမံ ပြုပြင်တာတွေကို လေးမျက်နှာမြို့နယ်ထဲမှာ ၆ နေရာ၊ ဟင်္သာတနဲ့ ဝါးခယ်မမြို့နယ်ထဲမှာ ၄ နေရာနဲ့ ရေကြည်၊ ညောင်တုန်းနဲ့ ဖျာပုံမြို့နယ်တို့မှာ ၃ နေရာစီ မော်လမြိုင်ကျွန်း၊ အင်္ဂပူ၊ မအူပင်နဲ့ ဘိုကလးမြို့နယ်တို့မှာ ၂ နေရာစီနဲ့ အိမ်မဲ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ မြန်အောင်၊ ဇလွန်နဲ့ ဒေးဒရဲမြို့နယ်တို့မှာ ၁ နေရာစီ စုစုပေါင်း ၃၈ နေရာ တာတမံ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သိရပါတယ်။
ရေဘေးကာကွယ်တဲ့အနေနဲ့ တိုင်းအတွင်း အဓိကတာကြီး ၈ ခုဖြစ်တဲ့ မြန်အောင်တာ၊ ကြံခင်းတာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာ၊ ငဝန်တာ၊ မအူပင်တာ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတာ၊ ဟင်္သာတတာနဲ့ ညောင်တုန်းတာတွေထဲက ပြုပြင်ဖို့ လိုအပ်တဲ့ နေရာတွေကို အဓိကထား ပြုပြင်သွားမှာပါ။
မင်းထက်မုန်း(ပုသိမ်)