DVB Logo
Home
ကျန်းမာရေး
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask
DVB
·
February 2, 2020
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask
Donate to DVB

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ တစ်ဆင့် ကမ္ဘာ့နိုင်ငံတော်တော်များများကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်က ပျံ့နှံ့နေပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကံကောင်းစွာနဲ့ပဲ ဒီရောဂါပိုးရောက်လာပြီဆိုတဲ့ သံသယဖြစ်စရာ အခြေအနေတွေ မတွေ့ရသေးဘူးဆိုပေမဲ့ အရမ်းကြီးတော့ ပေါ့ဆလို့ မဖြစ်ပါဘူး။ အခုဆိုရင် အပြင်မှာ တချို့လူတွေတောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေကို အသုံးပြုလာကြပါပြီ။ ဒီဆောင်းပါးမှာတော့ ပြည်သူလူထုကြား အမေးများနေတဲ့ ရိုးရိုး Surgical Mask နဲ့ N95 Mask ဘာက ပိုအာနိသင်ကောင်းလဲ၊ ဒီဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာက ဘယ် Mask လဲ၊ ဘယ်လိုအသုံးပြုရမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးချင်ပါတယ်။

N95 Mask


အခုဖြစ်နေတဲ့အခြေအနေအတွက်တော့ N95 Mask ဟာ အကောင်းဆုံးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဝူဟန်ကိုရိုနာပိုးသည် လေမှတစ်ဆင့် ပျံ့နှံ့တဲ့ Airborne အမျိုးအစား ဗိုင်းရပ်စ်ဖြစ်ပြီး N95 Mask ဟာ လေနဲ့ ရေကနေတစ်ဆင့် မျက်စိနဲ့မမြင်ရတဲ့ ဖုန်မှုန့်၊ ရောဂါပိုးတွေကို အဓိက ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။

N95 အသက်ရှူစက် (Respirator) နဲ့ယှဉ်လိုက်ရင်တော့ တော်တော်ချောင်ချိပေမယ့် တပ်နေမကျတဲ့သူတွေဆိုရင် နည်းနည်း အသက်ရှူရကျပ်နိုင်ပါတယ်။ နှာခေါင်း၊ ပါးစပ်ကို အဓိကလုံခြုံစွာ ဖုံးကာပေးထားတယ်။ ခွဲစိတ်ခန်း၊ သွားဆေးခန်း၊ ဆေးကုသစဉ်မှာလည်း အသုံးပြုကြပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး Mask ပိတ်သားရဲ့ အထူနဲ့ အရောင်က ကွာသွားနိုင်ပါတယ်။ များသောအားဖြင့်တော့ N95 Mask ကို အဖြူရောင်နဲ့ အပြာရောင်ဆိုပြီး ၂မျိုးလာပါတယ်။

ဘယ်လိုအသုံးပြုရမလဲ။


၁။ Mask ကို အသုံးမပြုခင် လက်ကို သန့်ရှင်းနေအောင် ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အပြင်မှာရောက်နေတယ်ဆိုရင် ရေမလိုလက်သန့်စင်ဆေးရည် (Hand Sanitizer) ကို အသုံးပြုပါ။

၂။ ထုတ်ပိုးထားတဲ့အထုပ်မှာ အသုံးပြုပုံ အညွှန်းပါပါတယ်။ အရင်ဆုံးသေချာဖတ်ကြည့်ပါ။ ပြီးသွားရင် Mask မှာ ချို့ယွင်းချက်တွေ၊ အပေါက်အပြဲတွေ ရှိမရှိ သေချာစစ်ဆေးပါ။ Mask ရဲ့ အရွယ်အစားသည် ကိုယ်နှာခေါင်း၊ မျက်နှာအချိုးအစားနဲ့ ကွက်တိအံဝင်ခွင်ကျဖြစ်နေရပါမယ်။

၃။ သန့်ရှင်းသော လက်ဖြင့် Mask ကို အခုံးဘက်ကနေ ကိုင်ပြီး အခွက်ပုံစံ ရှိတဲ့ဘက်ကို နှာခေါင်းနဲ့ပါးစပ်လုံအောင် အုပ်ထားပါ။ Mask သည် မေးစေ့ကို အုပ်နေရပါမယ်။

၄။ အပေါ်ကြိုးနဲ့ အောက်ကြိုးဆိုပြီး Mask ကို စွပ်ဖို့ သားရေပတ်ကြိုး ၂ကြိုးပါပါတယ်။ အရင်ဆုံး Mask ကို အုပ်ပြီးပြီဆိုတာနဲ့ အပေါ်ကြိုးကို ခေါင်းကနေ အနောက်ဘက်ကို ဆွဲလှန်ပေးပြီး နားရွက်အပေါ်မှာ ထားပါ။ ပြီးသွားရင် အောက်ကြိုးကိုလည်း အဲ့ဒီအတိုင်းပဲ ခေါင်းကနေ အနောက်ဘက် ဆွဲလှန်ပေးပြီး နားရွက်အောက် လည်ဂုတ်နားရောက်တဲ့အထိ စွပ်ထားပေးပါ။ ဆံပင်ရှည်တဲ့သူဆိုရင် ဆံပင်ကို အပေါ်လှန်ဆွဲတင်ပြီးမှ ဂုတ်ပေါ်ဆွဲလှန်ရပါမယ်။ အဓိက သားရေပတ်ကြိုးသည် ဆံပင်အောက်ကို ရောက်နေရပါမယ်။

၅။ ကြိုးတွေလိမ်နေတာရှိရင် အတည့်အတိုင်းဖြစ်အောင် ပြန်ပြုပြင်ပါ။

၆။ လက်နှစ်ဖက်လုံး အသုံးပြုပြီး နှာခေါင်းထားဖို့အတွက် ပေးထားတဲ့နေရာမှာ နှာခေါင်းနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့ လက်ချောင်းနဲ့ဖိပြီး ပုံကျအောင် လုပ်ပေးရပါမယ်။

၇။ ပြီးသွားရင် အသက်ကို ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ကြည့်ပါ။ နှာခေါင်းပတ်ပတ်လည်မှာ လေမလုံသလို ဖြစ်နေတယ်ထင်ရင် Mask နဲ့ နှာခေါင်းအံဝင်ခွင်ကျဖြစ်စေဖို့ ပြန်ညှိကြည့်ပါ။

၈။ Mask ရဲ့ အစွန်းဘက်တွေကနေ လေထွက်နေတယ်လို့ ယူဆရရင် အနောက်ဘက်မှာ ချိတ်ထားတဲ့ သားရေကြိုးအနေအထားကို ပြန်ပြုပြင်ကြည့်ပါ။

Mask ချွတ်တော့မယ်ဆိုရင်

၁။ အရင်ဆုံး Mask ရဲ့ အောက်ကြိုးကို ခေါင်းပေါ်ကနေ လှန်ပြီး ဆွဲချွတ်ပါ။ ကြိုးကို ဆက်ကိုင်ထားပြီး နောက်လက်တစ်ဖက်က အပေါ်ကြိုးကို ဆွဲလှန်ပါ။

၂။ လက်နှစ်ဖက်လုံးနဲ့ ကြိုးတွေကို ကိုင်ထားပြီး Mask ကို ဆွဲချွတ်လိုက်ရပါမယ်။

၃။ Mask ရဲ့ အရှေ့ဘက် ခုံးနေတဲ့ မျက်နှာပြင်နဲ့ လက်နဲ့ လုံးဝမထိရပါဘူး။ ထပ်သုံးဦးမယ်ဆိုရင် Mask ကို ဇစ်ပိတ်အိတ်ထဲမှာ လုံခြုံစွာထည့်ပြီး သိမ်းဆည်းထားပါ။

၄။ Mask တစ်ခုကို အများဆုံး ၂၄နာရီအတွင်းသာ အသုံးပြုရမှာဖြစ်ပြီး တစ်နေ့လုံးအသုံးပြုပြီးလို့ အိပ်တော့မယ်ဆိုရင် Mask ကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပေးရပါမယ်။

၅။ Mask ချွတ်ပြီးသွားတိုင်း၊ နောက်တစ်ခါ ပြန်မတပ်ခင်မှာ လက်ကို သန့်စင်အောင် ဆေးကြောပေးရပါမယ်။

Surgical Mask


ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ Mask ဖြစ်ပြီး လက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကိုတော့ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် N95 Mask ဝယ်ဖို့ မတတ်နိုင်သူတွေ၊ အလွယ်တကူ ဝယ်လို့မရတဲ့ အခြေအနေမျိုးမှာ ဒီ Mask တပ်ပေးမယ်ဆိုရင်လည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ။


Mask မှာ အစိမ်းရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်ဘက်ရှိပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိသည်ဖြစ်စေ၊ တခြားသူဆီက ရောဂါပိုးကူးစက်မခံရစေဖို့ ကာကွယ်ပေးဖို့ဖြစ်စေ အစိမ်းရောင်ရှိတဲ့အခြမ်းကို အပြင်ဘက်မှာ ထားပြီး အဖြူရောင်ရှိတဲ့အခြမ်းကို နှာခေါင်း၊ ပါးစပ်နဲ့ ကပ်နေတဲ့အခြမ်းမှာ ထားပေးရပါမယ် (ဒါသည် Surgical Mask ကို မှန်ကန်စွာအသုံးပြုတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ ထပ်အသိပေးချင်ပါတယ်)။

အဖြူရောင်ရှိတဲ့အခြမ်းကို ပါးစပ်နှာခေါင်းနဲ့ ကပ်ပြီးတာနဲ့ Mask ဘေးက ကြိုးနှစ်ကွင်းကို နားရွက်အနောက်ဆီ အသီးသီးချိတ်ဆွဲပေးရပါမယ်။ တပ်တဲ့အခါ Mask က နှာခေါင်း၊ ပါးစပ်ကို လုံနေပြီး မေးစေ့အောက် ရောက်နေဖို့လည်း အရေးကြီးပါတယ်။ ပြန်ဖြုတ်တော့မယ်ဆိုရင် နားရွက်မှာ ချိတ်ထားတဲ့ ကြိုးနှစ်ကွင်းကို ဆွဲဖြုတ်ပြီး အဲ့အတိုင်း အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပေးပါ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013