
ရန်ကုန် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ KG ကျောင်းသူကလေးငယ်တယောက် နားကပ် ချွတ်ယူ သတ်ဖြတ်ခံရပြီး အလောင်းကို ဆာလာ အိတ်ထဲထည့်ပြီး စွန့်ပစ်ထားတာ တွေ့ရ တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
သေဆုံးကလေးငယ်ဟာ တူးချောင်းကျေးရွာက ဦးနိုင်ကိုကိုမင်းရဲ့သမီး အသက် ၅ နှစ်ကျော်အရွယ် မသော်တာစိုင်း ဖြစ်ပြီး ကလေးငယ်ဟာ ဇူလိုင် ၃ ရက် မနက် ၈ နာရီကျော်မှာ အိမ်ကနေ ရုတ်ရက် ပျောက်သွားတာလို့ဆိုပါတယ်။
မိဘတွေနဲ့ တာဝန်ရှိသူတွေက ကလေးငယ်ကို လိုက်လံရှာဖွေခဲ့ကြပြီး ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံထဲမှာ စောင်နဲ့ပတ်ပြီး ဆာလာအိတ်ထဲ ထည့်ထားတဲ့ အလောင်းကို ည ၁၀ နာရီလောက်မှာ တွေ့ခဲ့ကြတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အတူနေ့အဘွားက ကျောင်းသွားဖို့ပြင်ဆင်ပေးနေချိန် ရုတ်တရက် ကလေးကပျောက်သွားတာ။ ဒေသခံတာဝန်ရှိသူတွေနဲ့ မိဘတွေက အမှိုက်ပုံးထဲမှာ သွားတွေ့တာ။ ကလေးငယ်ဝတ်ဆင်ထားတဲ့ နားကပ်လေးကိုဖြုတ်ယူထားတာ၊ နားမှာပန်ထားတဲ့ နားကပ်ကိုမတွေ့တော့တာ” လို့ ပြောပါတယ်။
သေဆုံးကလေးငယ်ရဲ့ ရုပ်အလောင်းကို တာဝန်ရှိရှိသူတွေက စစ်ဆေးရာမှာ ရင်ဘတ်မှာ ညိုမည်း နေတဲ့ဒဏ်ရာကိုတွေ့ရပြီး ကလေးငယ်ဝတ်ဆင်ထားတဲ့ ခန့်မှန်းရွှေချိန် ၂ ပဲသား၊ ငွေကျပ် ၁၀ သိန်းဝန်းကျင် တန်ဖိုးရှိတဲ့ရွှေနားကပ်ကို နားပြတ်ပါသွားတဲ့အထိ ဖြုတ်ယူထားတာကို တွေ့ရှိ ရတယ် လို့ဆိုပါတယ်။
ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ ဆေးရုံကြီးဆီကို ပို့ဆောင်ထားပြီး ထန်းတပင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။










