DVB Logo
Home
ကျန်းမာရေး
ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာခဲ့ရင်
DVB
·
February 1, 2020
ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာခဲ့ရင်
Donate to DVB

ရောက်လာခဲ့ရင်ဆိုပေမယ့် ဒီနေ့ (၃၁ ဇန်နဝါရီ ၂၀၂၀)မှာ  ကွမ်ကျိုးကလာတဲ့ တရုတ်လေယာဉ်မှာ သံသယဖြစ်ဖွယ် အမျိုးသားတစ်ယောက်ပါလာလို့ ဝေဘာဂီဆေးရုံကို ပို့ပြီး စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီမတိုင်ခင်အထိတော့ မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူမတွေ့သေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ WHOကတော့ ကမ္ဘာ့အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်ထားပါတယ်။ ကဲ မပြေးသော်လည်း ကန်ရာရှိ မတော်တဆများ ကိုယ့်ဆီရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။

ရောဂါအကြောင်း


ဒီဝူဟန်ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပိုး 2019 n-CoVကြောင့် ဖြစ်ပြီး လင်းနို့တွေဆီက လာတယ်လို့ ပြောကြပါတယ်။ ၂၀၁၉ဒီဇင်ဘာလကကုန်လောက်က စခဲ့တဲ့ ဒီရောဂါဟာ ယခုလက်ရှိမှာ တရုတ်အပါအဝင် နိုင်ငံပေါင်းများစွာကို ပျံ့နှံ့နေပြီး ကူးစက်ခံရသူ ၉၈၂၁ယောက်၊ သေဆုံးသူ ၂၁၃ယောက်ရှိသွားပါပြီ။ သေဆုံးနှုန်း၃ရာခိုင်နှုန်းလောက်ပဲရှိပေမယ့် ကူးစက်နှုန်းမြန်နေတာရယ်၊ နိုင်ငံတော်တော်များများကို ပျံ့နေတာရယ်၊ နေ့စဉ်နဲ့အမျှ ကူးစက်တဲ့သူတွေရော သေဆုံးတဲ့သူတွေရော တိုးနေတာကြောင့် လူတွေက ထိတ်လန့်နေကြပါတယ်။

ရောဂါလက္ခဏာများ


သာမန်လက္ခဏာတွေကနေ ပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိဖြစိတတ်ပါတယ်။ လက္ခဏာတွေက ပိုးကူးပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပေါ်တတ်ပါတယ်။ လက္ခဏာတွေကတော့

  • ​ဖျားတာ

  • ချောင်းဆိုးတာ

  • အသက်ရှူကြပ်တာတွေဖြစ်တတ်ပါတယ်။


ဒီထက်ပိုဆိုးလာရင်တော့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့

  • အဆုတ်ရောင်ရောဂါ

  • အသက်မရှူနိုင်တာ

  • ကျောက်ကပ်ပျက်စီးတာ

  • သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။


ဘယ်လိုကူးစက်မှာလဲ။


တိရစ္ဆာန်(လင်းနို့)ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခုချိန်မှာတော့ လူလူချင်းကူးစက်တဲ့အထိဖြစ်နေပါပြီ။ ကူးစက်နည်းတွေကတော့

  • အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပျံ့နှံ့တာ

  • ပစ္စည်းမှာကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ထိတွေ့ပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို ပွတ်သပ်တာ စတာတွေပဲဖြစ်ပါတယ်။


ကုလို့ရတဲ့ဆေးရှိလား။


ခုထက်ထိတော့ တိကျတဲ့ ကုသဆေးမရှိသေးပါဘူး။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုတွေပဲ ပေးနိုင်ပါသေးတယ်။

ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။


ဒီအတိုင်းလက္ခဏာပေါ်ရုံနဲ့တော့ အတိအကျ ပြောလို့မရပါဘူး။ တခြားရောဂါတွေရဲ့ လက္ခဏာတွေနဲ့တူနေလို့ပါ။ သေချာချင်ရင်တော့ ဆေးရုံမှာ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ဖတ်တွေယူပြီး အမျိုးသားဓာတ်ခွဲဌာနကိုပို့။ အဲ့ဒီကနေ ဆက်လုပ်သွားမှပဲ ရောဂါရှိ၊ မရှိသေချာတာပါ။ ဒါပေမယ့် ဒီအချက်တွေရှိနေရင်တော့ သံသယလူနာအဖြစ် သတ်မှတ်လို့ရပါတယ်။

  • လွန်ခဲ့တဲ့ ၁၄ရက်အတွင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန့်မြို့ကိုခရီးသွားခဲ့တာ

  • အဆုတ်ရောင်ရောဂါ 2019 n-CoVရှိတယ်လို့ အတည်ပြုထားသူနဲ့ အတူနေထိုင်တာ

  • ဖျားတာ (အပူချိန် ၃၈’C /၁၀၀.၄’Fနဲ့ အထက်ရှိတာ)

  • ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အားအင်ကုန်ခန်းတာ စတာတွေပါ။


ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အနီးအနားက တစ်ယောက်ယောက်ပဲဖြစ်ဖြစ် ဒီလိုအချက်တွေရှိရင် ဆေးရုံကိုအမြန်သွားဖို့ မမေ့ပါနဲ့။

ကာကွယ်နည်းတွေကရော


ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်နဲ့မတွေ့အောင် နေတာပါ။ ဒါကြောင့်

  • လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး မကြာခဏစင်ကြယ်အောင်ဆေးပါ။ ဒါမှမဟုတ် အရက်ပြန်ပါဝင်မှု အနည်းဆုံး၆၀%ရှိတဲ့ ရေမလို လက်သန့်ဆေးကို သုံးပါ။

  • လက်မဆေးရသေးဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုဂမထိပါနဲ့။

  • အဆုတ်ရောင်ရောဂါလက္ခဏာရှိသူနဲ့ အနီးကပ်မနေပါနဲ့။

  • ကိုယ်တိုင်ဖျားနာရင်လည်း အိမ်မှာပဲနေပါ။

  • နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူးနဲ့ လုံအောင်အုပ်ပါ။ ပြီးရင် အမှိုက်ပုံးထဲသေချာပစ်ပါ။

  • မကြာခဏအသုံးပြုသည့်ပစ္စည်းများကို သန့်ရှင်းရေးလုပ်ပါ။ (ဥပမာ ဖုန်း)

  • လူထူတဲ့နေရာကို မသွားပါနဲ့။ သွားခဲ့ရင် maskတပ်ပါ။

  • လူကြားသူကြားမှာ တံတွေးမထွေးပါနဲ့။

  • သားစိမ်းငါးစိမ်းကိုင်ပြီးတိုင်းလက်ဆေးပါ။ တခြားဟင်းချက်စရာများနဲ့ ရောမထားပါနဲ့။ စဉ့်တီတုံးနဲ့ သီးသန့်ဓားသုံးပါ။ အစားအစာများကို သေချာကျက်အောင်ချက်ပြုတ်စားသောက်ပါ။

  • တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။ အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။

  • သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ခုခံအားမကောင်းသူများ အထူးဂရုစိုက်ပါ။


Take home massage


နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဝူဟန်အဆုတ်ရောင်ရောဂါက မြန်မာနိုင်ငံကို ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ပြင်ဆင်ထားတာမမှားပါဘူး။ ရောဂါအကြောင်း အမြဲနားစွင့်နေပါ။ ကာကွယ်နည်းတွေကို လိုက်နာပါ။ သတင်းတွေကိုလည်းချင့်ချိန်ပြီးမှ ယုံပါ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013