DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် နှာခေါင်းစည်းများ ဝယ်မရဘဲ ပစ္စည်းပြတ်လပ်
DVB
·
February 1, 2020
အင်းတော်တွင် နှာခေါင်းစည်းများ ဝယ်မရဘဲ ပစ္စည်းပြတ်လပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာစိုးရိမ်ပြီး နှာခေါင်းစည်းတွေ ဝယ်ယူနေကြတဲ့အတွက် ပစ္စည်းပြတ်လပ်နေပြီလို့ အင်းတော်မြို့ ဆေးအရောင်းဆိုင်တွေက ပြောပါတယ်။

ကျားခေါင်းဆေးဆိုင်ပိုင်ရှင် ကိုကျော်စွာက “နှာခေါင်းစည်းတွေ ဆိုင်တွေမှာ မရှိသလောက်နီးပါး ပြတ်နေကြတယ်။ အရင်ပုံမှန်စျေးက ၁၀ ခုပါ တထုပ်ကို ၃၀၀ နီးပါးရှိတယ်၊ အခု သွားဝယ်တော့ ဝယ်လို့မရဘူး။ မန္တလေးမှာလည်း ပစ္စည်းမပေးနိုင်ဘူး။ ရောင်းစရာမရှိအောင် ပစ္စည်းပြတ်နေတယ်” လို့ ပြောပါတယ်။

မြင့်ထွန်းဆေးဆိုင်ပိုင်ရှင် ကိုမြင့်ထွန်းက “လက်ရှိ အင်းတော်မှာ နှာခေါင်းစည်းက အကုန်လုံးကို ပြတ်နေကြတယ်။ အစောပိုင်းက ကျနော့်မှာ ရှိတယ်၊ မြို့ထဲမှာရှိတဲ့ ကုန်သည် တယောက် လာဝယ်တော့ရှိတာ အကုန်ရောင်းပေးလိုက်တယ်။ မေးလိုက်တော့ မန္တလေးပို့မလို့တဲ့၊ မန္တလေးမှာလည်း နှာခေါင်းစည်းက ပြတ်နေတယ်ဆိုတော့ စျေးနှုန်းလည်း တက်သွားတယ်။ ဒီမှာ ပုံမှန်ရောင်းစျေးက နှာခေါင်းစည်း တခုချင်းစီဆို ၅၀ ရောင်းတယ်။ အထုပ်လိုက်ဆိုရင် ၄၀၀ ရောင်းတယ်၊ အခုပစ္စည်းပြတ်တော့ မန္တလေးကို ထပ်မှာကြည့်တယ် ပစ္စည်းက မရတော့ဘူး၊ ရတဲ့ပစ္စည်းက စျေးနှုန်း မတန်တဆဖြစ်နေတယ်။ တထုပ်ကို ၂၅၀၀ / ၃၀၀၀ အဲဒီလောက် ဈေးပေါက်နေတယ်၊ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတိုင်း စိုးရိမ်ပြီး ကြောက်နေကြတဲ့အချိန်မှာ လုပ်ငန်းရှင်တွေက ကိုယ်စီးပွားရေးတခုတည်းကိုပဲ အကျိုးကြည့်ပြီးမှ မလုပ်သင့်ဘူးလို့ ကျနော်ကတော့ မြင်ပါတယ်” လို့ ပြောပါတယ်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ စတင်ဖြစ်ပွားပြီး နောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ရှိ ငှက်ပျောစိုက်ခင်းတွေနဲ့ တရုတ်ပြည်တွင်း စက်ရုံတွေ ရပ်နားထားလို့ မြန်မာနိုင်ငံအတွင်း နယ်စပ်မှတဆင့် အင်းတော် ပြန်လာသူတွေကို ကျန်းမာရေး စစ်ဆေးပေးစေချင်တယ်လို့ ဒေသခံက ပြောပါတယ်။

တရုတ်ပြည်ကတဆင့် ဗန်းမော်-မြစ်ကြီးနားဘက်ကလာတဲ့ လမ်းကြောင်းပေါ် အင်းတော်မြို့ ရှိတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြတာ ဖြစ်ပြီး နှာခေါင်းစည်း ဝယ်ယူမှု များပြားနေတာကြောင့် ပစ္စည်းပြတ်လပ်နေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့  ကူးစက်ခံရသူ ၁၁၇၉၁ ယောက် ရှိပြီလို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013